Friday, March 05, 2010

ကြာပန်းလေးသို့......

ကိုယ့်နှုတ်ခမ်းကို ကိုယ့်ဘာသာယောင်ယမ်းပြီး ကိုက်လိုက်မိသည်။ဒီအမူအယာက ကျမအသဲယားရင် ဖြစ်ပေါ်တတ်တဲ့ အကျင့်တခု။သမီးလေးကို ချီပွေ့ထားမိရင်းမှာလဲ ခုလိုပဲဖြစ်လေ့ရှိသည်။ ခု ကျမနားမှာသမီးလေးမရှိပါ။သို့ပေမယ့် သူ့အကြောင်း တချက်တွေးလိုက်ရုံနဲ့ စိတ်တို့က ကစဥ့်ကလျား ဖြစ်ရသည် လို့ပြောရင် အတော်များများက လက်ခံပါဖို့ ခက်ခဲနေပါဦးမည်။ရူးတတ်ရန်ကောလို့ တချို့ပြောနိုင်ပြီး တချို့ကျတော့လဲအပို အလုပ်တွေပါကွာလို့ ရှုံ့ချကောင်းရှုံ့ချနိုင်ပါသည်။ဝန်ခံပါသည်။ ကျမသည် သမီးလေးနဲ့ ပတ်သက်ရင် ရူးတတ်၊အပိုလုပ်တတ်လွန်းလှပါသည်။

++++++++++++++++++++++++

ကလေးတယောက်ဆီက အချစ်ကိုရဖို့ ဟန်ဆောင်လို့မရပါ။လိမ်ညာ၊ လှည့်ဖျားပြီးတော့လဲ မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ကလေးတယောက်သည် လူ့လောကအကြောင်း၊လူတွေအကြောင်းကို သင်ခန်းစာတခုမှ မသင်ရသေးပါပဲနှင့် ဘယ်သူက သူ့အပေါ်ဘယ်လိုသဘောထားသည်ဆိုတာ သူ့နှလုံးသားကကောင်းကောင်း ခံစား နားလည်တတ်လို့ပဲဖြစ်သည်။ထို့ပြင် ကလေးနဲ့ မိမိနဲ့ကြားမှာ သေချာကျနစွာတည်ရှိဖို့က နားလည်၊ယုံကြည်မှုပင်ဖြစ်ပါသည်။ အဲ့ဒိ တဦးကိုတဦးယုံကြည်မှုကို မာယာနဲ့တည်ဆောက်လို့ မရပါ။ အဖြူသည်နှလုံးသားစစ်စစ်ဆီမှ ထွက်ကျလာသော အမျိုးအမည်တပ်ရခက်သည့် မေတ္တာတရားနှင့်သာ ဖန်တီးနိုင်ပါလိမ့်မည်…။

+++++++++++++++

ကလေးမချစ်တတ်သောလူတော်တော်များများကို ကျမမြင်ဖူး၊ကြုံဖူးပါသည်။အများအားဖြင့်ပြောကြတာကတော့ စိတ်မရှည်လို့ဆိုတဲ့ စကားဖြစ်သည်။ကလေးတယောက်ကို စိတ်မရှည်ဘူးဆိုတာကို ကျမလက်ခံနိုင်ပါသည်။ မချစ်ဘူးလို့ လွယ်လွယ်သုံးတဲ့ဆင်ခြေကိုတော့ ကျမလက်ခံဖို့ အတော်ခဲယဉ်းနေတတ်သည်။သို့မဟုတ် ဖြစ်နိုင်ချေရှိတာက သူတို့ပေးကြတဲ့ဆင်ခြေကို လက်မခံနိုင်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သမုဒ္ဓရာ၊၀မ်းတထွာအတွက် လှုပ်ရှားရုန်းကန်ရင်း အတ္တတွေ၊ရမ္မက်တွေနဲ့ ပြည့်နှက်နေတဲ့ လူကြီးတွေ အပေါ်မှာပင်လျှင် အချစ်တွေပေးအပ်နိုင်သေးတာ။ဟန်ဆောင်မှုကင်းပြီး ပကတိအပြစ်ကင်းစင်တဲ့ ကလေးတွေ အပေါ် စိတ်မရှည်နိုင်ဘူးဆိုတာကို လက်ခံနိုင်သော်လည်း မချစ်နိုင်ဘူး ဆိုတာကိုတော့ လက်မခံနိုင်ပါ။ ကလေးမချစ်တတ်သူတို့နှလုံးသားကို ကျမဖြင့် ထိတွေ့ခံစားကြည့်လို့မရပါ။

ရှိပါစေတော့။ဒါမျိုးကိစ္စတွေက တဦးချင်းစီရဲ့ ခံယူမှုနဲ့ပဲဆိုင်ပါသည်။မတူတာတွေကို ညှိဖို့ဆန္ဒ ကျမမှာမရှိလှပါ။

++++++++++++++++

ကလေးဆိုတာ ဘယ်ဝမ်းက ထွက်ထွက်၊ဘယ်မအေက မွေးမွေး၊ အရုတ်၊အလတ်၊ အမြတ်မရွေး ရိုးသားဖြူစင်မူက တသွေးထဲ၊တသားထဲ။ ဒါက မည်သူမျှငြင်းခုံလို့မရနိုင်တဲ့ သဘာဝရဲ့ အရှိတရားတခုဖြစ်ပါသည်။

အရာထူးအရာခံသားသမီး၊ဈေးသည်သားသမီး၊သူတောင်းစားသားသမီး စသဖြင့် မိဘချင်းသာကွာခြားမည်။ ကလေးတွေက အတူတူ။ကလေးဆိုတာဟာ အတူတူတွေပါ ဖယောင်းများနှယ်......ဖြစ်သည်။

ဝေ့နေတာတွေ တော်တော်ကိုများသွားပြီ။ပြောလိုသည်က ကျမနှလုံးသားကို တဆစ်ချိုးပြောင်းလဲစေခဲ့သော ကလေးငယ်လေးတယောက်အကြောင်း ဖြစ်သည်။

+++++++++++++++++++

အိမ်ေ­ထာင်ပြု၊သားမွေးလုပ်ဖို့ ကျမသိပ်စိတ်မ၀င်စားလှပါ။သို့သော် ပုခက်လွှဲသော လက်ပိုင်ရှင်တော့ ဖြစ်ချင် ပါသည်။

+++++++++++++++++

လွန်ခဲ့သောလေးနှစ်ကျော်ဆီက မိဘနဲ့ပတ်သတ်တဲ့၊မိသားစုနဲ့ပတ်သက်တဲ့ ကျမရဲ့ခံယူချက်တွေကို တဆစ်ချိုး ပြောင်းလဲစေခဲ့သော လူသားသေးသေးလေးတယောက် ကျမဘ၀ထဲဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ သူ့ကြောင့်ပိုးမွေးသလို မွေးရတယ်ဆိုတဲ့ စကားကိုထိမိသိရှိခဲ့သလို "ဖ၀ါးလက်နှလုံး၊ ပုခုံးလက်နှစ်သစ်၊လူဖြစ်အောင်မွေး၊မှက်ခြင်ယင် မသန်းရအောင်…ပင်ပန်းကြီးစွာမွေးမြူ "ရတဲ့ မိဘမေတ္တာကိုပါ ကောင်းကောင်းကြီးနားလည်ခဲ့ရသည်။ဝန်ခံပါသည်။သူကလေးမိခင် ကိုယ်ဝန်ဆောင်စဉ်က စပြီး သမီးငယ်လေး လူလောကထဲစရောက်ပြီဆိုတဲ့ လွန်ခဲ့တဲ့ လေးနှစ်လောက်ကမှ မိခင်မေတ္တာကို ကျမကောင်းစွာ နားလည်တတ်ခဲ့တာဖြစ်သည်။

++++++++++++++++

ကျမသမီးလေးနာမည်က ကြာပန်းလေးတပွင့်၏အဓိပ္ပါယ်။ပဒုမ္မနီ ဟူ၏။
နာမည်နဲ့တူစွာ သမီးလေးကကြာပန်းလေးတပွင့်လိုပဲ ဖြူစင်နူးညံ့လှပါသည်။ကြာပန်းလေးတပွင့်ကို နူးညံ့ညင်သာ ကိုင်တွယ်သလို ကိုင်တွယ်ရသည်။

++++++++++++++++++

ထူးအိမ်သင်ရဲ့ အလှဆုံးအပြုံးလေးများနူးညံ့တဲ့နှုတ်ခမ်းပေါ်မှာ ချစ်သမီးလေးအမြဲတမ်းသိမ်းပိုက်ခွင့်ရစေသား ဆိုတဲ့ တုနှိုင်းမဲ့မေတ္တာသီချင်း ဆိုပြရင် ကျေနပ်ပြီး ပြုံးနေတတ်သည်။

"ဖေဖေရယ်၊မေမေရယ်ကြင်စတုန်းက ဆလယ်ဝင်အိုးလေးကိုသုံးကာ ထမင်းချက်ပြုတ်စားသောက်လို့ နေလာ ခဲ့တယ်" အစချီတဲ့ အနိုင်ရဲ့ ဆလယ်ဝင်အိုးလေးကို ဆိုပြရင်တော့ သီချင်းအဆုံးဖြစ်တဲ့ "ဒီတော့မှ အဖိုးအဖွား အဖြစ်နဲ့ ဆလယ်ဝင်အိုးလေးပြန်သုံးစွဲကြပြန်...မရိုးနိုင်တဲ့မေတ္တာတွေပါ.."ဆိုတဲ့နေရာရောက်ရင်ဖြင့် ၀မ်းနည်း သလိုနဲ့ ငြိမ်နေ တတ်ပြန်သည်။

မိသားစုကန်တော့ပွဲ သီချင်း။ကျမရော၊သူပါ မေ့မျောနေတတ်ကြပြန်။ကျမအသံတွေမတုန်အောင်အထူးဂရုစိုက် ရသည်။

ဆရာကြီးမင်းသုဝဏ်ရေးတဲ့ မောင်ခွေးဖတ်ဖို့ကဗျာစုများ စာအုပ်လေး ကျမသူ့ကို သမီးအတွက်လက်ဆောင် လို့ပြောရင်းပေးတုန်းက သူပဲဖတ်တတ်သလိုနဲ့ ၀မ်းသာနေခဲ့လိုက်တာ...။ ယီးလေလေ့ကဗျာကို သုံးခေါက် ရွတ်ပြ အပြီးမှာ သမီးက သူ့ဘာသာသူ အတော်လေးရွတ်နေနိုင်ခဲ့ပြီ။ ကဗျာစာအုပ်လေးကို သူ့ခေါင်းအုံး အကြီးနားမှာ ထားရင်းက အိပ်ယာပြောင်းလို့ တချက်ပျောက်သွားတော့ သူ့မှာ ပျာယာခတ် နေခဲ့တာ။ တွေ့တော့မှ တပြုံးပြုံး နဲ့...။ သပြေသီးကောက်ကဗျာကတော့ သူ့အမေရွတ်ပြလို့ သူရပြီးသား။ ကျမမှာ သူကဗျာ ရွတ်ထားတဲ့ အသံဖိုင်တချို့ရှိသည်။ ။အဲ့ဒါလေးတွေ ပြန်ပြန်နားထောင်ပြီး အလွမ်းဖြေရပါသည်။

++++++++

ကိုယ့်ကလေးမှမဟုတ်ပါ။ကလေးတွေ ထက်မြတ်တာတွေမြင်ရလေ ကိုယ်ရင်နာရလေပါပဲ။ သမီးလေးကို သူနဲ့ထိုက်တန်သော ပတ်ဝန်းကျင်လေးတခု ဖန်တီးပေးချင်ပါသည်။ပြီးတော့ သူ့မိဘများနဲ့ ရင်အုပ်မကွာ...။မိဘကိုလွမ်းရတဲ့ဒဏ်တွေ သူ့ကို မပိစေချင်ပါ။ခေတ်ရဲ့ ပုပ်အက်အက်အနံ့တွေ ကြာပန်းလေးကို မကူးစေချင်ပါ။

ကြာပန်းလေးတပွင့်ရဲ့ ရနံ့လေးသာသင်းစေချင်လှပါသည်။

++++++++++++++++++++

မှတ်ချက်(၁)
ယီးလေလေ့(ဒီစကားလုံးကို တချို့ ရည်းလေလေ့လဲ ပြောကြပါတယ်။ရှုမ၀ ဒုတိယအကြိမ်ထုတ်ကမှန်တယ်လို့ ဆိုပေမယ့် အဲ့ဒိဒုတိယအကြိမ်ထုတ်ကို ရှာမရသေးလို့ ဒီအတိုင်းပဲ ယီးလေလေ့လိုက်ပါတယ်)


မှတ်ချက် (၂)
ကျေးဇူးပြုလို့ တချို့စာသိပ်တတ်ကြသော ဘလော်ဂါများ၊ စာဖတ်သူများ ကျမကိုစာနာသောအားဖြင့် လည်းကောင်း၊ကလေးတယောက်ရဲ့ အနာဂတ်ကို ငဲ့ညာသောအားဖြင့်သော်လည်းကောင်း ကြာပန်းကို မိန်းကလေးနာမည် မှည့်ထားတယ်ဆိုပြီး မဝေဖန်ကြဖို့ အနူးအညွတ်တောင်းပန်လိုပါသည်။

မှတ်ချက်(၃)

လွမ်းလွမ်းနဲ့ ကပေါက်တိ၊ကပေါက်ချာ ရေးချင်တာရေးထားသောစာကို လာဖတ်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ :)

5 Responses to “ကြာပန်းလေးသို့......”

NangNyi said...

မှတ်ချက်သိပ်များတဲ့ ပို့စ်..

ညီကတော့ သိတဲ့အတိုင်း ကလေးတွေကို ကြောက်တာ..

ကလေးတစ်ယောက်နဲ့ ကြာဖြူတစ်ပွင့် သီချင်းလေး အမှတ်ရတယ်။ ကလေးတွေကိုချစ်တတ် တန်ဖိုးထားတတ်ပေမယ့် နီးနီးကပ်ကပ် သိပ်မနေဖြစ်ပါဘူး ။ အခုလို ကလေးတစ်ယောက်အကြောင်းသေချာဖတ်မိမှပဲ အနားမှာရှိဖူးတဲ့ကလေးတွေအကြောင်းတွေးမိတယ် ။ကမ္ဘာမြေရဲဆည်းလည်းလေးတွေပေါ့...။

jr said...

ကလေးလေးတွေကို အရမ်းချစ်တာ..
သူတို့လေးတွေကို မြင်ရင် နှုတ်ခမ်းက အလိုလိုပြုံးသွားရော.. သူတို့ပေါက်ကရလုပ်ရင်တော့ ကိုယ်နဲ့ဘာမှမဆိုင်တာတောင် ရယ်မိရော..
း)

ကိုယ်လည်း တချိန်က ကလေးလေးဖြစ်ခဲ့ဖူးတာပဲ။ အချိန်ရဲ့ အပြောင်းအလဲအောက်မှာ ကလေးတယောက်လို မဖြူစင်တော့ပေမယ့် ကလေးတွေရဲ့ ဖြူစင်မှုကိုတန်ဖိုးထားချင်မိတုန်းပါပဲ။
မှတ်ချက် ၁။ ကလေးအရမ်းချစ်တတ်ပါသည်။ (ဒါပေမယ့် ချစ်စရာမကောင်းရင် မချစ်ပါ။)
မှတ်ချက် ၂။ မကြိုက်ရင် ကွန်မန့်မပေးပါ။ (မကြိုက်ရင် လှည့်ပြန်တတ်ပါတယ်။ သိပ်မဝေဖန်ပါ။)
မှတ်ချက် ၃။ အလကားနေရင်း သူများရေးထားတာကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြဿနာရှာတတ်သော ဘလော့များကို ခါးခါးသီးသီးဆန့်ကျင်ပါတယ်။ :D

littlebrook said...

ဖတ်လို့ကောင်းတယ် ကလေးနဲ့ပတ်သက်ပြီး အဲ့လိုတော့ သေသေချာချာ မတွေးဖူးဘူး .. တစ်ချိန်တစ်ခါကတော့ စိတ်ကူးယဉ်တာပေါ့ ကလေးလေးတစ်ယောက်လိုချင်တယ် ...
နောက်တော့ ကလေးတစ်ယောက်ကို ကြီးပြင်းလာ အတွေးအခေါ်မှန်လာဖို့ .. ဒါတွေတွေးကြည့်တော့ ကိုယ် အဲ့လောက်သွန်သင်နိုင်မယ် မထင်ဘူး ..း(