Tuesday, December 29, 2009

မကြေးမုံ ဘာလဲ ဘယ်လဲ

ဘာလဲ ဘယ်လဲဆိုတာက လူတော်တော်များများ သုံးတာ သဘောကျလို့ သုံးလိုက်တာပါ။

တကယ်တော့... ကိုယ့် ကိုယ်ကိုလဲ ဘလော့နဲ့ပတ်သက်ပြီး ဘာလုပ်မှာလဲ၊ ဘယ်လို စခန်းသွားမလဲဆိုတာ အကြိမ်ကြိမ် မေးဖြစ်ပါတယ်။ အဲ့ဒါထက် ပိုပြောရရင်တော့ စာရေးခြင်းအမှုနဲ့ပါ ပက်သက်ပါတယ်။

ဘလော့လုပ်တာကိုက စာရေးချင်လို့ပါ။ ရေးချင်တာကို အတားအဆီးမရှိ ရေးချင်လို့ ဖြစ်ပါတယ်။ "ဘလော့ရေးတာလဲ ရေးပေါ့။ အဲ့ဒါတခုထဲပဲ ခေါင်းထဲ ထည့်မထားနဲ့ဦး" ဆိုပြီး ဆရာလုပ်သလို လေယူလေသိမ်းနဲ့ ပြောလာတဲ့ လူတယောက်ကိုဆို ခုချိန်ထိ အဆက်အသွယ်ဖြတ်ခဲ့ဖူးပါတယ်။

ပိုစ့်မတက်တာ ဒီနေ့ဆို တလတင်းတင်းပြည့်ခဲ့ပြီ။ကြားထဲမှာ အတိုအစပေါင်းများစွာ ရေးဖြစ်တယ်။ကံအကြောင်း မလှစွာနဲ့ပဲ ရေးထားတဲ့ပိုစ့်တွေကလဲ ပျက်သွားပါတယ်။ ဘလော့ရေးတဲ့ ပြည်တွင်းက သူငယ်ချင်းတယောက်က ပြောတယ်။ နင်ကလဲ ဒိုမိန်းကြီးနှမြောစရာတဲ့။ နောက်ပြီး ဘလော့ပေါ်မတင်လဲ ကိုယ့်ဘာသာကိုယ်တော့ ရေးဖြစ် အောင်ရေးပါတဲ့။ စာမရေးတာကြာရင် မကောင်းဘူးတဲ့။

ဘယ်လိုတွေ မကောင်းသလဲဆိုတာ သူမပြောသွားခဲ့ပေမယ့် ခုတော့ကျမသိပြီဆိုသလို ဖြစ်နေပါပြီ။ အရင်တုန်းက ထင်ရာမြင်ရာမှန်သမျှကို စိတ်ရှိတိုင်း ရေးခဲ့တဲ့ (ဖတ်ကောင်းတာ မကောင်းတာ ဖတ်သူအပိုင်း :D...) သူက ခုလဲကျရော...ငါဒီလိုရေးလိုက်လို့ ဘယ်သူများ ဘာတွေလာပြောမလဲ၊ငါ့အယူအဆက အမှန်တရားနဲ့မှ နီးစပ်မှု ရှိပါရဲ့လား... စတဲ့ အူတိအူကြောင် အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ရစ်ပတ်ပြီး ရုန်းမရဖြစ်နေပြီ။

စာမရေးဖြစ်၊ပိုစ့်မတင်ဖြစ်တဲ့ ရက်တွေမှာ ကျမဘာတွေလုပ်နေခဲ့သလဲလို့ ပြန်စဉ်းစားမိတယ်။ documentations ကိစ္စတွေအတွက်နဲ့ အစိုးရရုံးတွေဆီ သွားရတယ်။ တခါတလေများဆို မရီချင်ပဲ ရီပြရလွန်းတော့ ပါးတွေညောင်း၊ စိတ်တွေလဲ ညောင်းဖြစ်ရတယ်။ရန်ဖြစ်တာ အကြိမ်ကြိမ်။ ရီချင်စရာ၊မချိပြုံး ပြုံးချင်စရာတွေလဲ ခဏခဏပဲ ကြုံရတယ်။

ရန်ဖြစ်တယ်ဆိုတာ အခြေအတင်စကားပြောရတာပါ။ပြောဖြစ်သမျှ စကားတွေထဲမှာ နားထဲက ခုထက်ထိ မထွက်သေးတာ တခွန်းရှိနေတယ်။ "ညည်းအသက်ဘယ်လောက်လဲ၊အတွေ့အကြုံ ဘယ်လောက်ရှိပြီလဲ" ဆိုတဲ့ မေးခွန်းမဟုတ်တဲ့ နှိမ့်ချတဲ့အသုံးနဲ့ ပြောတဲ့စကားပါ။ အပြောခံရတုန်းကတော့ ဒေါသတွေ အတုံးလိုက်၊ အတစ်လိုက် ထွက်ပါတယ်။ ခုပြန်တွေးတော့ ရီချင်နေမိပြန်ရော။ ကျမ ဘာမှပြန်မဖြေခဲ့ပါဘူး။ အဲ့ဒီအတွက်တော့ စိတ်ကျေနပ် နေမိပြန်တယ်။

မလိုအပ်ပဲ သွေးရဲတဲ့လူတွေနဲ့ စိတ်ခုရပါတယ်။စကားများပြီး ကားမောင်းကြမ်းတဲ့ တက်စီဆရာတွေနဲ့ အဆင် မပြေပါဘူး။မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်ပုံကို စိတ်တိုင်းကျ ကြည့်ပြီးမှ ကဲ့ရဲ့တတ်တဲ့ ပျော်တတ်သော ကာလသားကြီးများကို ဆွဲထိုးချင်ပါတယ်။ (ကရာတေးဖြစ်ဖြစ်၊သိုင်းဖြစ်ဖြစ် သင်ဦးမှပါ :) ..)

ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတဲ့ လူလူချင်းအတူတူ ကိုယ့်အချင်းချင်းကြားမှာကျ ကုတ်ဖဲ့သတ်ဖြတ်၊ ဆဲဆိုကြိမ်းမောင်း၊စော်ကားရိုင်းစိုင်းဖို့တောင် နဲနဲလေးမှ ၀န်မလေးတော့သော၊ အင်မတန်သတ္တိကောင်းသော ကျမနေထိုင်ရာပတ်ဝန်းကျင်က အများစုသော လူတွေအတွက် သူတို့ကိုယ်တိုင်ရော...ကျမပါ အပါအ၀င် နာမည်ကြီးတဲ့ ၂၀၁၀ ကျရင်တော့ လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်။

ခုတော့ တောင်စဉ်ရေမရ ပြောချင်ရာတွေပြောပြီး (ပိုစ့်မတင်နိုင်တာကို အကြောင်းပြတာဆိုလဲ ဟုတ်ပါတယ်)... နှစ်သစ်ကို နှုတ်ခွန်းဆက်လိုက်ပါတယ်။ ဘလော့ရပ်ဝန်းမှ မိတ်ဆွေ၊ ညီကိုမောင်နှမများ ချမ်းမြေ့သာယာ ရှိကြပါစေ...။


Sunday, November 29, 2009

လှည်းတန်းလမ်းမ


လှည်းတန်းလမ်းမဟာ ဘောင်းဘီကျပ်ကျပ် ကောင်လေးတွေနဲ့ အသက်ရှူကြပ်နေတယ်။

လှည်းတန်းလမ်းမဟာ တိုက်ကြီး၊မှော်ဘီ၊ပဲခူးကားတွေနဲ့ ပြည့်ကြပ်နေတယ်။

လှည်းတန်းလမ်းမဟာ အဆုံးမရှိတဲ့ ဒေါသသင့် ကားဟွန်းသံတွေနဲ့ ပွက်ပွက်ညံနေတယ်။

လှည်းတန်းလမ်းမဟာ မီးစက်သံတွေ တထိန်းထိန်းနဲ့ သာယာနာပျော်ဖွယ် ကောင်းနေတယ်။

လှည်းတန်းလမ်းမဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေနဲ့...အခိုးအူနေတယ်...။

လှည်းတန်းလမ်းမဟာ ငါးရာတန်ဆိုင် ၊အင်တာနက်ဆိုင်၊ အလှပြင်ဆိုင်တွေနဲ့ ကျပ်သိပ် တိုးနေတယ်..။

လှည်းတန်းလမ်းမဟာ ငါးကင်ဆိုင်တွေနဲ့ ..... ညှော်နံ့ထွက်နေတယ်...။

လှည်းတန်းလမ်းမဟာ ဒိန်ချဉ်နံ့နဲ့ ချဉ်စုတ်စုတ် ဖြစ်နေတယ်။

ရှမ်းခေါက်ဆွဲဆိုင်တွေနဲ့ အသံတွေဝဲနေတယ်။

လှည်းတန်းလမ်းမဟာ ရွှေဆိုင်တွေနဲ့ ၀င်းဝါနေတယ်။

လှည်းတန်းလမ်းမဟာ ဆုတ်...ဆုတ်...ဆုတ်....ဟိုး)))) ဆိုတဲ့အသံတွေနဲ့ စည်းကားနေတယ်။

လှည်းတန်းလမ်းမဟာ ငါ....၊မအေ...နှမ...အသံတွေနဲ့ လူတွေအချင်းချင်း ပေးစားပစ်နေတယ်။

လှည်းတန်းလမ်းမဟာ...မွန်းကြပ်မှုတွေနဲ့ မွမ်းကြပ်နေတယ်...။




တကယ်တော့ လှည်းတန်းလမ်းမက သူ့ဘာသာသူ သူ့သမိုင်းကို သူ့ပခုံးစောင်းပေါ်တင်ပြီး အေးဆေးစွာလျောင်း နေတာပါပဲ။ လူတွေက အဓိပ္ပါယ်အမျိုးမျိုးနဲ့ အသက်သွင်းကြတဲ့အခါ ကျမခုလို ခံစားမိတော့တာ။

မှတ်ချက်။ ။(ဘောင်းဘီကျပ်ကျပ်ကို ဒီဘက်ခေတ်မှာ ကောင်လေးတွေပိုဝတ်လာတာ သတိထားမိပါတယ်)

Saturday, November 21, 2009

မှောင်လွန်းတဲ့ည

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ အောက်သိုးသိုး အနံ့က လှိုက်ခနဲ...။ နောက်တခေါက် လာရင်တော့ အမွှေးခဲတွေ၊ အမွှေးထုပ်တွေ ၀ယ်ခဲ့ရမယ်လို့ စိတ်ကူးရင်းက မှောင်မဲနေတဲ့ အခန်းထဲမှာ ကျင့်သားရနေတဲ့ မျက်လုံးက လေယာဉ်ပျံ၊ ကားမီးလေးကို ရှာတွေ့လိုက်သည်။ ခလုတ်နှိပ်လိုက်တော့ ဖျတ်ခနဲလင်းလာတဲ့ အလင်းရောင်ကို ကျမ မနှစ်သက်လှပါ။ အလင်းရောင်ကို အပြည့်အ၀ မရနိုင်ရင်တော့ မှောင်နေတာကိုပဲ ကျမသဘောကျပါသည်။

လွန်ခဲ့တဲ့ တပတ်ကအထိ ဒီအခန်းထဲမှာ လူနှစ်ယောက် နေခဲ့ကြသည်။ မီးမလာတဲ့ ညတွေမှာ ပူလောင် အိုက်စပ်လှတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာ ဖယောင်းမီးတွေက ဘုရားပွဲဈေးတန်းလို....။
အဲ့ဒိတုန်းက ရာသီဥတုက ပူတာ။ အောက်ဆုံးထပ် အင်တာနက်ဆိုင်က တထိန်းထိန်းနဲ့ မောင်းထားတဲ့ မီးစက်က အငွေ့တွေက ပူတာ...။ခုကျတော့ ရင်ထဲက လှိုက်ဆူနေသော အပူဖြစ်သည်။

ကျမ သူ့ကိုဘာကြောင့် သတိရနေတာလဲ။ ဒါမှမဟုတ် လွမ်းနေတာလား။အလွမ်းဆိုတာခုလို စိတ်ခံစားမှုလား။ ကျမကိုယ်တိုင် သေချာအတိအကျ မသိတာ ခက်သည်။ ပြီးတော့ ဒီညကလဲ မှောင်လွန်းလှသည်။

အမေ့ဆီမှာ ရောက်နေတုန်းကတော့ မည်သူတဦး တယောက်ကိုမှ ကျမ သတိတရ မရှိလှပါ။ အလွမ်းဆိုတာ ပျင်းရိခြင်းအတွက် အကောင်းဆုံး ကုစားတဲ့ ဆေးနည်းတမျိုးဆိုရင်တော့ ကျမသည် ပျင်းရိခြင်းဝေဒနာကို ခံစားနေရတာသာ ဖြစ်ပါလိမ့်မည်။

ကားမီးလေးက တဖြည်းဖြည်း မှိန်လာသည်။ အဖေါ်မရှိတဲ့ တိုက်ခန်းလေးတခုထဲမှာ မိန်းကလေးတယောက်ထဲ အကြာကြီးထိုင်နေဖို့ မသင့်တော်ပါဘူးလေလို့ ယေဘုယျဆန်လှတဲ့ အတွေးတခုကြောင့် အခန်းတံခါးတွေ သေချာစစ်ပြီး ပြန်လာခဲ့သည်။

နောက်တခေါက်သွားရင်တော့ အမွှေးခဲလေးတွေ ၀ယ်သွားဦးမှဖြစ်မည်။


Tuesday, November 10, 2009

မယ်ရာ - ဖိုးဒီဒေါ့နတ်

ပြောင်းမယ်၊မပြောင်းဘူးနဲ့ တနှစ်ကျော်အတွင်းမှာ ခဏခဏ စိတ်အပြောင်းအလဲ ဒိုမိန်းအပြောင်းအလဲ ကိစ္စက ခုတော့ပြောင်းဖြစ်သွားပြီ ဆိုပါတော့လေ။ အထဲက သူငယ်ချင်းတချို့လဲ ရေးတလှည့်၊ မရေးတလှည့် ဘလော့ကို အလွယ်တကူ လာလည်လို့ရသွားပြီ။ ကျမအတွက်တော့ ထုံးစံအတိုင်း ကျော်ခွရစမြဲပါပဲ၊ တကယ်လို့များ မကျော်ရဘဲနဲ့ ဘလော့စပေါ့တ်ကြီးဆီ ၀င်လို့ရမယ်ဆိုရင်တောင် ၀င်တတ်တော့မှာ မဟုတ်ဘူး။ တောသားမြို့ရောက်သလို ဖြစ်နေတော့မှာ...။ ကိုမိုးလှိုင်ည ဒိုမိန်းပြောင်းသွားတာကို အားကျပြီး ကိုမင်းယွန်းသစ် အကူအညီနဲ့ ပြောင်းဖြစ်ခဲ့တာပါ။ ကျေးဇူးပါ အကိုများ။

လောလောဆယ်ဆယ်မှာ ဘာစာမှ မရေးနိုင်ဘဲ ၊တပေါင်း တန်ခူးလဲ မဟုတ်ပါပဲနဲ့ လူရော၊နှလုံးသားရော ခြောက်ခမ်းနေတယ်။ တချို့လမ်းတွေကလဲ ဖုန်တထောင်းထောင်း ထနေတယ်။ သဲသဲကွဲကွဲမြင် ရလှတာ မဟုတ်ဘူး။ ဖုန်တွေဝင်တဲ့အခါကလဲ ရှိသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ...ဘလော့ကိုရော၊ စာရေးတာကိုရော ချစ်ခင်တွယ်တာပါတယ်။ ပြောစရာတောင် မလိုဘူး ထင်တာပဲနော်။ အကိုတွေ၊ အမတွေ၊ မိတ်ဆွေတွေဆီ အမြဲရောက်ဖြစ်တယ်။ ဒါမယ့် ဘာဖြစ်တယ် မသိဘူးဗျာ။
အသံမထွက်ချင်တဲ့ အပျင်းရောဂါရနေတယ်။.....။

မှတ်ချက်။ ။ ချစ်သော အကိုကြီး ကိုအောင်သာငယ့်အတွက် တဂ်ပိုစ့်လဲ ရေးပေးပါ့မယ်လို့ တလက်စထဲ တောင်းပန်လိုက်ပါရစေ အကိုကြီးရေ....။(ကိုယ့်တုန်းက အလိုက်ကမ်းဆိုးမသိ ရေးခိုင်းခဲ့တုန်းတာ...:D)

မိတ်ဆွေကြီးငယ်၊ရွယ်လတ် အားလုံးကို လေးစားခင်မင်လျက်...


Tuesday, November 03, 2009

လရောင်တစ်ခြမ်း ပန်းနေကြာ (မင်းချမ်းမွန်)

ကဗျာကို ကဗျာလိုပဲဖတ်ပါ၊ခံစားပါ ဆိုတဲ့ ကဗျာဆရာတွေပြောလေ့ရှိတဲ့စကားတခွန်းကို နားလည်ဖို့ အှစှ်စ်အလလ ကိးစားခဲ့ပါတယ်။ခုလှဲလုံးသားတစုံကို အလိုက်ပေးပြီး ကိးစားခံစားနေဆဲပေမယ့်ဘယ်တော့မှ ပြည့်စုံကုံလုံမှာတော့ မဟုတ်။


လတ်တလောသက်ဝင်ယုံကြည်နေမိတာက ကဗျာဆိုတာ ခံစားသှူလုံးအိမ်ကို ထိခလုတ်၊ပါးခလုတ်လေး ဖြစ်စေဦးမှ။

နားလည်အောင် ရေးတာ၊နားမလည်အောင် ရေးတာ ကဗျာဆရာရဲ့ ရူးသွပ်ယုံကည်ရာ ဖြစ်တဲ့အတွက် ကဗျာဆရာသည် ဘာကို ဆိုလိုချင်တာပါလိမ့်လို့ လိုက်လံ စဉ်းစားနေစရာမလို...။ ကဗျာရေးသူက သူဝေဒနာကို သူ့ အခင်းအကျင်းနဲ့ သူပြတယ်။ ကဗျာဖတ်သူက ကဗျာဆရာရဲ့ ဝေဒနာကို ကိုယ့်အနာနဲ့ စားခံစားဖို့ပဲ လိုတယ်။


ခု....

ဆရာမင်းချမ်းမွန်ရဲ့ ကဗျာတပုဒ်၊ ကျမနှလုံးသားကို ထိခလုတ်၊ ပါးခလုတ် ဖြစ်စေလို့ ခင်ဗျားတို့အတွက်လည်း မျှလိုက်ပါတယ်။

တည့်ရင် ရင်ဘတ်ထဲထိ ထည့်လိုက်ဖို မမေ့ကပါနဲ့......


လရောင်တစ်ခြမ်း ပန်းနေကြာ


ဓူဝံကယ်မြောက်အရပ်မှာရှိသလိုပဲ

မြို့တော်ရဲ့ မြောက်စူးစူးတစ်နေရာမှာ

သီရိမင်္ဂလာရွှေဘုံဦးဆိုတဲ့

အ၀ါ

သာသာနာရောင်တွေနဲ့ မြးလွင့်ပျံ

ဆည်းလည်းသံလွင်လွင်လေးတွေနဲ့ တောက်ပ

ပဋိရူပ

အေးမြတဲ့အရိပ်အာဝါသလေးတစ်ခု ရှိပါတယ်။


ဒီလို

သာယာလှပ

မွှေးမြတဲ့နေရာလေးရှိတာကို

လူတွေများများစားစား မသိကပါဘူး

နေပါစေ

မသိလည်းကိစ္စမရှိ

သတိကို မြို့ပြသိလို့

သိကသူတွေ လာလိမ့်မယ်။


ဒါဟာ

အမျိးဘာသာ၊သာသနာနဲ့ ဝံဿာနုရက္ခိတ

ပရဟိတ

ပညာဒါနတွေ ဖြန့်ဝေရာ မဟုတ်လား။


မိုနေးရဲ့ ပန်းရောငှ်င်းနဲ့

ဗန်ဂိုးရဲ့ နေကာက

ကင်းဗတ်စပေမှာ ပွင့်တယ်၊

ဂေဂင်ရဲ့ အ၀ါနဲ့

ဟောဒီ ရွှေဘုံဦးနေကာတွေက

ပညာရှိရာ

နေရှိရာဘက် မျကှ်ာလှည့်

ဝင်းမှည့်တဲ့ အားမာန်အလင်းတွေနဲ့

မနက်ခင်းရဲ့

အဖြရောင်လေညင်းမှာ ပွင့်ကတယ်

ရဲရင့်တက်ကွရနံတွေနဲ့

တင့်တယ်ခမ်းနားပါပေရဲ့...။


အဲ့ဒိဝန်းကျင်မှာ

စပါးပင်နဲ့ သစ်ပင်တွေဝန်းရံလို့

အပင်တွေရှင်သန်ဖို ဓာတ်မြေသဇာလိုအပ်သလို

လူတွေမှာ

စိတ်အာဟာရ(သိုမဟုတ်)...

အရသာတစ်ခုခု လိုအပ်တယ်။


နေရောင်ပူပူမှာ

ဘယ်သူမှ မကူးခတ်ချင်ဘူး

ကျေးငှက်တွေလို

လွတ်လပ်စွာ ပျံမြးချင်ကလိမ့်မယ်။


ကျောပေမှာ တငွေ့ငွေ့လောင်နေတဲ့

နေရောင်ကို လက်နဲ့သပ်ချဖို

သူတို့စာဖတ်နေကတဲ့ အသံတွေ

အခက်အခဲတွေကို ပက်ထုတ်

ပညာကို

ယက်သဲ့ကျင်ယူနေကတဲ့ ဟန်တွေက

အားမာန်တွေနဲ တဖျတ်ဖျတ်

သူတို....ဓားတောင်ကိုလှော်ခတ်လို

မီးပင်လယ်ကို ကျော်ဖြတ်နေကတယ်။


ဟိုးဖက်ကမ်းမှာ

နမ်းစရာ

ပညာပန်းတွေရှိတယ် မဟုတ်လား။


ပညာပဒီပေါ၊ ဣဓအဓိပဇ္ဇောတော

လောက၌ ပညာဆီမီးသည် အတောက်ပဆုံး ၊

ပညာသမ္မာ အာဘာနတ္တိ၊

ပညာနှင့်တူသော အလင်းရောင်မရှိ

ပညာရေအိုး လူမခိုး...တဲ့လား

တန်ဖိုးကတော့ ကီးမားပါပေရဲ့။


ဒီယနေ့ E ခေတ်မှာ

ပညာရဲ့ အခန်းကဏ္ဍ၊ပဓာနကျလာတယ်

ညာနေလို့ မရဘူး

ညံ့နေလို့မရဘူး

ညည်းနေလို့ မရဘူး

ပညာမတတ်ရင် လူရာမ၀ငိုင်ဘူး။


ချစ်သားတို အတတ်ပညာသင်ကုန်လော့

အဘယ်ကောင့် ပျင်းရိဘိသနည်း

ချစ်သားတို နေတိုင်းအတတ်ပညာသင်ကုန်လော့

အတတ်ပညာမရှိသောသူသည်

သူ၏၀န်ထမ်းဖြစ်တတ်၏

အတတ်ပညာရှိသောသူကို

သူတစ်ပါးတို့ ပူဇော်အပ်၏...တဲ့

လောကနီတိကျမ်းက

နေကာပန်းတွေကို လှမ်းအသိပေးတယ်။

ပညာရဲ့ အမြစ်တွေက ခါးသက်ပေမယ့်

အသီးကတော့ ချိမြိန်တယ်လို့

အရစ္စတိုတယ်က လှမ်းပြောတယ်

အာဖရိကကယ်ပြာကီး

နယ်ဆင်မင်ဒဲလားကလည်း

ပညာရေးဟာ

ကမ္ဘာကြီးကိုပြောင်းလဲပစိုင်တဲ့

အစွမ်းထက်ဆုံးလက်နက်ပဲ ....တဲ့။

တကယ်တော့

ပညာရေးဆိုတာ

လူတိုင်းရဲ့ ရပိုင်ခွင့်ပါ

ယောက်ျားမိန်းမ၊ကလေး ဘယ်သူမဆို

ကမ္ဘာ့ဘယ်နေရာမှာ နေနေ

အားလုံးရရှိသင့်တဲ့ အခွင့်အရေးပဲ

အဲ့ဒီလို....

ယူနက်စကိုကလည်း ကျားကန်အားပေးခဲ့။


ဒါပေမယ့်

လူတိုင်းအတွက် ပညာရေး

နေပူလမ်းဟာ ထွက်ပြေးနေတယ်။

ဘယ်လိုမှ လိုက်လိုမမှီဘူး

ဆန်ပေးမှ ဆီရမယ့်ပုံမျိ

လှေမရှိဘဲ

မြစ်ကိုဘယ်လိုဖြတ်မလဲ

တက်မရှိရင် လက်နဲ့လှော်လိုရသေးတယ်။


နေပူပူမှာ

ငူငူကီးရပ်နေလို ဖြစ်မလား

ဘယ်သူလာကူပါ့မလဲ။


တချို့က

စိတ်ကူးသစ်နဲ့ စာနာသနား

နေရောင်ကို ကွေအောင်မျှားသလို

မြစ်ကို တံတားထိုးကတယ်

အတ္တကိုရှေတန်းမတင်ကဘူး

လောကကို အလှဆင်ကတယ်။


ဗားတော့ဗရက်ရဲ့ ကဗျာထဲကလို

ှင်းတွေသိပ်သိပ်သည်းသည်းထူထူထပ်ထပ်ကျနေရင်

ပဲကလေးတွေ အညှောင့်မပေါကိုင်မှာကို တွေးပူပြီ

လဲသူကိုထူ၊ငူသူကို မတ်စေတယ်

ရပ်သူကိုဖေး ကိုယ်ငွေ့ပေးတယ်

ငါးကလေးတွေ ရေမနစ်စေရဘူး။


လာ....

ဒီမှာ ရင်ငွေလှုံ

ပညာစုံအောင်သင်ကမယ်

လရောင်တစ်ခြမ်းပဲရရ

ပန်းတစ်ပွင့်မှ မထစ်အ မကန်းစေရဘူး။


ဒီမှာ

ရှင်မဟာရသာရ

သံဝရပျို့မှာ ရေးထားသလို

ကျောက်ရည်တိုးအောင်၊ သွေးသောယောင်သို့

စောင်စောင်မမ ဆုံးမတတ်စွာ

မြတ်ဆရာတွေနဲ စနစ်တကျ။


ဒီမှာ

သစ်ပင်ကို သစ်ပင်လိုမြင်အောင်သင်ကား

သစ်ပင်ကို သစ်သားလိုမြင်တတ်တဲ့

ကင်နာမဲ့ ခါးသကှ်လုံးသား

မျိးမပွားစေရဘူး။


ရေစီးမှာ လရောင်ကောက်ရင်း

လောကဓံမြစ်ရိုးထဲ

တစ်ယောက်ကို တစ်ယောက်သယ်ပိုး

မုန့်ကြိးလိမ်အမူအကျင့်ကို မုန်း

ဖြောင့်မှန်တဲ့

အဖြရောငှ်လုံးသားပွေဖက်မယ်။

မိုးလေတွေဘယ်လိုမွှေမွှေ၊မရွေတဲ့စိတ်နဲ

ှင်းခါးတွေကို ဘယ်လိုပုတ်ပုတ်၊မဆုတ်မယ့်စိတ်နဲ့….

လာ...

ရွှေဘုံဦးမှာ ပညာရွှေမှုန်တူးက

ဘ၀အနာဂတ်တောက်ပအောင် ရွှေချက

ပြီးတော့

ပင်လယ်ခေါင်ရေ၀ဲမှာ လှေကွဲလိုမှောက်သူချင်း

တစ်ယောက်ကိုတစ်ယောက် ဖေးကူစောင့်ရှောက်က

တစ်ယောက်ကျောတစ်ယောက်

အလျားမှောက်တံတားခင်း

ဖြတ်သန်းခြင်းကို ဖြတ်သန်းက

စိန်ခေခြင်းကို စိန်ခေါ်ကြ

ဟိုးအမြင့်က ကယ်တွေမှာ

သင်တို့နာမည်ရေးထိုးုင်အောင် ကိးစားက

ဦှးောက်ခါးတောင်းကျိက်ရင်း

အောင်စိတ်တွေနဲ့

အောင်ပွဲတွေကို ရိတ်သိမ်းက

အားလုံးငြိမ်းငြိမ်းချမ်းချမ်း

နေကာပန်းလို မိုးလင်းမယ်။


ကွန်ပြတာတဂျောက်ဂျောကှ်ိပ်နေတဲ့

ခေတ်ကီးရဲ့ မနက်ခင်း

ပြတင်းပေါက်က ချောင်းကည့်လိုက်တော့

စက်မသိပ္ပံလောင်းရိပ်အောက်မှာ

အလိမ်အညာတွေနဲ

ကမ္ဘာကီး မလိမ္မာသေးဘူး


ဒါပေမယ့်

ဟောဒီ...ပြာလဲ့လဲ့မိုးကောင်းကင်အောက်မှာ

ပတ်ဝန်းကျင်လိမ်မာဖို့

သူတို့လိမ္မာဖို့

တစ်နေ့မှာ

လရောင်ကို ကိးချည်အိပ်ဖို့

ခမ်းခမ်းနားနား ပညာသင်ကား

နေကာပန်းများပွင့်နေတယ်။


မိတ်ဆွေတိုရေ..

သူတို့အတွက် အရေးပေလိုအပ်နေတာကလည်း

အမှားအမှန်ပိုင်းခြားဝေဖန်တတ်သော

"ပညာ..." ဆိုတဲ့

အသက်ကယ်ဆေးတစ်ခွက်ပဲ မဟုတ်လား။


မင်းချမ်းမွန်

(လေးထောင့်ကန်၊သီရိမဂလာရွှေဘုံဦးကျောင်း ပရဟိတပညာသင်တန်းသို အမှတ်တရ)



Sunday, October 25, 2009

အငိုသန်တဲ့၊စိတ်ကြီးတဲ့ကလေးရဲ့ အမေ

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ဆီတုန်းက ဇနပုဒ်လေးတခုမှာ မျက်နှာဝိုင်းသလောက် အင်မတန်မှ အငိုသန်ပြီး အရမ်းစိတ်ကြီးတဲ့ ကလေးတယောက်မွေးခဲ့တယ်။

တစ်လနဲ့ ငါးရက်သမီးမှာ သူတို့အဖေက ပိုးထိတယ်။ ဒီတော့ ဒီကလေးလေးက ခိုက်တယ်ပေါ့။ မွေးထဲက ငိုတာလဲ အသည်းနဲ့မှ အသန်၊အငိုရပ်ဖို့ဆိုလဲ အင်မတန်ကြာပြီး စိတ်ကလဲ အင်မတန်ကြီးတယ်။
ဒါ ဒီကလေးမလေး ခိုက်တာပေါ့။ သူ့အမေက ငါ့သမီး တနင်္လာသမီးလေး၊ သိပ်ထက်မြက်တာလို့ သာ တွင်တွင်ပြောခဲ့..။

၂နှစ်သမီးမှာ ကဲလွန်းလို့ ရင်ဘတ်တခုလုံး ရေနွေးပူတွေ လောင်တော့ လမိုက်ည၊သန်းခေါင်အချိန်ပေါ့။ အဖေက မနက်လင်းမှ ဆေးရုံ သွားကြတာပေါ့။ အမေက ငါ့သမီးလေး ပူနေတာ၊ ငါမကြည့်ရက်ဘူး။ ဘာမှ ငှက်ပျောပင်တွေ၊ အုံးရည်တွေ လုပ်မနေနဲ့။ဆေးရုံ သွားမယ်ဆိုပြီး သမီးကိုပွေ့ ညအမှောင်မှာ ကြယ်ရောင်ပဲ အားကိုးပြီး ဆေးရုံသေးသေးလေးဆီကို အားကိုးတကြီးနဲ့ ပြေးခဲ့တာ။

အဲ့ဒိကလေး သုံးနှစ်ခွဲရောက်တော့ သူ့တို့အဖေက ပိုးထိတဲ့ ဝေဒနာနဲ့ပဲ ဆုံးပါးသွားခဲ့။ အမေက အသက်လေးဆယ်။ သိပ်လှတာ။ နဖူးလေးကဆို ၀ါဝါ၀င်း ရွှေနဖူးကျမျိုးလေးနဲ့..။ အဖေ့အမျိုးတွေက ဒီမိန်းမ၊ကလေးက ငါးယောက်၊ ကြွေးတွေက ပတ်လည် ၀ိုင်းနေတာ၊ နောက်လင် ထပ်ယူ ဦးမှာပဲ။ ဒီလိုပဲ တွက်ထားခဲ့။ အဖေ့အမျိုးတွေတွင် မဟုတ်။ အမေ့ အဒေါ်တွေ ကိုယ်တိုင်လဲ ပါခဲ့သေးတာပဲ။ အမေ့အဒေါ်နှစ်ယောက်ကလဲ ဆောင်းတွင်း၊လယ်တလင်းပြီးလို့ စကောနဲ့တလင်းပြန့်ပဲကျန်လဲ အကြွေးကတော့ နှစ်တိုင်း တွင်တွင် တောင်းမြဲ..။ အမေက ရင်မကော့နိုင်ဘူး။ ခေါင်းငုံ့ပြီး တနေ့ အကျေပြန်ဆပ်ပါ့မယ်။ တနေ့ အကျေပြန်ဆပ်ပါ့မယ်..နဲ့..။

အဲ့ဒိကလေး ငါးနှစ်သမီးလောက်မှာ အမကြီး၊အကိုကြီးတွေနဲ့ ထားခဲ့ပြီး ဟိုင်းကြီးကျွန်းကို ခရီးနှင်၊ ကိုယ့်ဆီက ထွက်တဲ့ မေမြို့ပန်းတွေကို အဲ့ကိုသယ်။ အဲ့ဒိက ငါးပိ၊ငါးခြောက်တွေကို ဧရာဝတီကိုပြန်သယ်..။

ပြောရင်းက "ငါ့စိတ်တွေ လေခဲ့တဲ့ အချိန်တွေ ထင်ပါရဲ့" လို့.....သူ့ကိုယ်သူ မသေချာသလို ကလဲ လုပ်တတ် သေးတာ။အဲ့ဒိလို မသေချာသလိုလေး ကိုယ့်စိတ်ကိုယ် ဖန်တီးထား တတ်သေးတာ။ အဲ့ဒါကတော့ အငိုသန်တဲ့ သူ့သမီး အငယ်ဆုံးလေးက တထေရာထဲ တူတယ်။

ငါးတန်းစာမေးပွဲတွေ ဖြေအပြီး နွေကျောင်းပိတ်တော့ နားပြည်ယိုတဲ့ ရောဂါနဲ့ အလူးအလဲ။ ပိုက်ဆံက မရှိ။ ရန်ကုန်လဲ မလာနိုင်၊ ပုသိမ်မှာတွင်ပဲ မပြန်လာနိုင်တဲ့၊ဘယ်တော့ ပြန်ရောက်မယ် မသိတဲ့ ဇာတိပြန်သွားတဲ့ ဆရာဝန်ကို စောင့်နေကြတာ သားအမိလေး သုံးယောက်၊ အကိုလုပ်သူက ငို၊အမေက အားပေးတယ်။ ဘယ်သူ့ကိုမှ မယုတ်မာဖူးဘူး။ တို့မိသားစုကို ဘုရားကယ်မှာပါ။သမီး ပုတီးလေး စိပ်နေနော်။ဘုရားကု ခေါ်တယ်သမီးရဲ့...။နောက်ဆုံးတော့ ကြွေးတွေ ထပ်တင်၊ရောဂါတော့ ပျောက်....။

အဲ့ဒိကလေးလေး ဆယ်ခြောက်နှစ်သမီး၊ဆယ်တန်းအောင်တော့ ပတ်ဝန်းကျင်က လူတွေက ၀မ်းသာလိုက်တာ။ အမလေးဟဲ့..မုဆိုးမသမီးလေး၊အမလေးဟဲ့ မုဆိုးမသမီးလေးနဲ့...။ဒါမယ့် မုဆိုးမကြီးမှာသာ တိတ်တိတ်လေး ကြိတ်ကာငို...။

ံအရူးမကြီး မစောသိန်းဆိုတာ မြို့ဈေးထဲမှာ ရှိတယ်။ မစောသိန်းမှာလဲ သမီးလေး တယောက်ရှိတယ်။ သူ့သမီးလေးငါးနှစ်၊ကျောင်းထားတဲ့အရွယ်ရောက်တော့ ဈေးသူဈေးသားတွေက ကျောက်သင်ပုန်း၊ကျောက်တံတွေဝယ်၊ လွယ်အိတ်လေး ၀ယ်ပေးပြီး ကျောင်းပို့တော့ အရူးမကြီးမစောသိန်းခမျာ သူ့သမီးလေး ပျောက်လို့။ ဒါမယ့် ဘယ်ရောက်နေမှန်းလဲ မသိရှာဘူး။ ရူးနေတာကိုး။

ဒါနဲ့ပဲ သုံးလေးရက် ဆက်တိုက်ပျောက်နေတော့ လူတကာ လိုက်မေးရင်း နင့်သမီးလေး ကျောင်းသွားတာကိုး။ နင့်နား ဘယ်ရှိမလဲဆိုတော့၊ သူ့သမီးလေး ပြန်လာရော အဲ့ဒိကျောက်သင်ပုန်း၊ကျောက်တံတွေကို ဆင်ကူး သံတံတားကြီးကနေ ချောင်းထဲ သွားပစ် ချလိုက်တယ်တဲ့။ခုလဲ ငါ့မှာ အဲ့လိုလုပ်ရမလိုဖြစ်နေပြီ လို့....ပြောတာ အမေ...။

ခု အဲ့ဒီ ကလေးလေး အသက် နှစ်ဆယ့်လေးနှစ် ပြည့်သွားပြီ။ အမေ့ကို သူခွဲထားခဲ့တာ ရှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။
ဘယ်အချိန်မှာ အဲ့ဒိကလေးနဲ့ သူ့အမေ ပြန်ဆုံနိုင်ပါမလဲ။ သူ့အမေကလဲ ကျောက်သင်ပုန်း၊ ကျောက်တံတွေ လွှင့်မပစ်ရက်သလို... အငိုသန်တဲ့၊ စိတ်ကြီးတဲ့ သူ့သမီးလေးကလဲ သူ့အမေအတွက် ဘာမှမဖန်တီးပေးနိုင်သေး..။

ဘ၀ဆိုတာ ရုန်းကန်ခြင်းတွေပဲ။ မိသားစုဆိုတာ တဦးချင်း၊တယောက်ချင်းစီတွေနဲ့ ဖွဲ့စည်းထားတာ စသဖြင့် ဒီလို နှုတ်ထွက်သီဝရီတွေကို ကဗျာထဲ ထည့်စပ်ဖို့သာ ရူးသွပ်နေတတ်တာ၊ ကိုယ့်ခံစားမှုကို မိသားစုနဲ့အမေ့ရှေ့မှာ ဘာမထီ လုပ်လုပ်ပြတတ်တာ သူ့ အမေသာ သိခဲ့ရင် ...ကျောက်သင်ပုန်း၊ကျောက်တံတွေ လွှင့်မပစ်ခဲ့တာများ နောင်တ ရနေမလား...။

အမေရေ... ခွဲခွာခြင်းက တချိန်မှာ တယောက်အရိပ်၊ တယောက် လုံလုံခြုံခြုံ ခိုဖို့။ အဲ့ဒိအရိပ် ဘယ်အချိန်မှာ ရောက်လာမယ်မှန်း မသိသေးလို့ နေပူထဲက စောင့်နေရင်း၊ သားသမီး မွေးနေ့ကို မွေးလပဲ အနိုင်နိုင် မှတ်မိ တတ်တဲ့၊မွေးနေ့ ဆုတောင်းပေးတာတို့၊ ဘာညာ သာရကာတွေ မလုပ်တတ်တဲ့ အမေ့ကို လွမ်းလို့... ဒီလိုလေးပဲ အမှတ်တရ စာရေးပြီး တေးမှတ် ထားလိုက်ပါတော့တယ် ။


Thursday, October 01, 2009

မီးပုံးပျံလွှတ်ကြရအောင်

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
မီးစာဖိုး တတ်နိုင်မယ့်တနေ့မှာ...။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
မပြောတဲ့လူသန်တွေ သန်လာမယ့်တနေ့မှာ..။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
ဆယ်လမွန်ငါးတို့ ပြန်လာနိုင်မယ့်တနေ့မှာ..။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
လှောင်အိမ်ထဲက ငှက်ကလေးတွေလွတ်မြောက်မယ့်တနေ့မှာ...။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
နွားနို့ထဲကို ရေတွေရောရောပစ်တတ်လေသော
ဒီခေတ်ကြီး ဆိတ်သုဉ်းမယ့်တနေ့မှာ....။

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...

ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...

Wednesday, September 23, 2009

ဆိုနေမယ် ခပ်တိုးတိုးလေးပဲ

ဒီနေ့ ငါလေ ကျဆုံးခြင်း၊ပြန်မဆုံနိုင်တဲ့ချစ်ခြင်း နှုတ်ဆက်ခြင်းရဲ့ သီချင်း ကိုခပ်တိုးတိုးလေး ညည်းချင်ရဲ့ကွယ်။

+++++++++++++++++++++++++

နာနတ်တော ဂုံးကျော် တံတားလေးအဆင်းမှာ အရင်တုန်းက သူတို့ကျက်စားခဲ့ဖူးတဲ့ အိမ်လေးတလုံး ရှိခဲ့ဖူးရဲ့။ မိုင်တွေ ဘယ်လောက်ဝေးဝေး၊ ဘယ်လိုပင်ပန်းနေပါစေ။ ညနေစောင်းပြီးဆိုရင် အဲ့ဒိအိမ်လေးကို ရောက်သွားကြစမြဲ။ မတီးတတ်၊ တီးတတ်နဲ့ ဂစ်တာ တဒေါင်ဒေါင်လဲ ခေါက်ခဲ့ကြသေးတာပဲ။
"အမေ့လက်ရာ" ငါးပိထောင်းလေးနဲ့ သံပုရာသီးလေး ညှစ်ပြီး "ညစာ" ဖြစ်ခဲ့ကြတာပဲ။ လက်ထဲမှာ ငွေယားလေး ရွှင်တဲ့အခါဆိုရင်တော့ လှည်းတန်းဘက် သွားကြတာပေါ့။ မက်စ်ဘာဂါကို အကောင်းဆုံး စာရင်းသွင်းပြီး စားလဲစား၊ ဆိုလဲဆိုပေါ့လေ။

"အဖြူစင်ခဲ့ဆုံး၊ မေတ္တာတရားနဲ့ နှလုံးသားနုနု အပျံသင်ခါစအရွယ်၊ပုံပြင်ဟောင်းလေးတပုဒ် ရင်မှာရှိခဲ့တယ်။ လွယ်အိတ်တလုံး ပုခုံးထက်မှာ အပျော်ဆုံး ကျောင်းတက်ချိန်... ငါတို့ ကျောင်းသားဘ၀" ပေါ့လေ။

အချိန်ကာလ အပိုင်းအခြားတခုမှာ လူတယောက်ဟာ ပုတ်သင်ညိုတကောင်လိုပဲ အရောင်တွေ ပြောင်းလဲသွားခဲ့တယ်။ အရေခွံအသစ်နဲ့။ ရုပ်ကိုက။

" အရင်ကလို တို့နှလုံးသား ရင်ခုံသံကြားဖို့အားရဲ့လား "
လို့ ကိုယ့်နှလုံးသားကို ကိုယ်ပြန်ဆန်းစစ်မိ။
အမှား၊အမှန်ခွဲခြားဖို့ခက်တဲ့ မျှော်လင့်ချက် အရှည်ကြီးတွေနဲ့ ကမောက်ကမ ခေတ်ထဲမှာ အဆူခက်၊အနပ်ခက်နဲ့ လူတယောက်။ "အိပ်မက်တွေ တခုပြီးတခု လူကိုအဝေးကမျှားလို့ရယ် "ကွယ်။

ထီးတွေလဲဖြူ ဖိနပ်တွေလဲ ပါး။ "ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်း ဖိနပ်လဲပါးတော့မယ်.."

ဟေ့ ဒီမှာ.. မာနကတော့ တပြားသားမှ မလျှော့ဘူး။ သူ့မာနတွေကို သူအရောင်တင်တယ်။သူ့ဒဏ်ရာကို မကုစားပဲ နာကျင်မှုကို အရသာခံနေမိသေးတယ်။ " ပိုက်ဆံတပြားမှ မရှိလည်း သူက သိက္ခာရှိချင်သေးသတဲ့ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့.." အမေ့ရဲ့ ဒုက္ခအိုး ၊ပြီးတော့ သူရဲ့ ဒုက္ခအိုး။ သူမရှိရင် မနေတတ်ဘူး။

တွေဝေခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်နေတဲ့သူ၊ သေချာရေရာမှုတွေကို မုန်းတတ်တဲ့ သူ၊ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး အမေရဲ့ အဝေးမှာ ရောက်နေရတဲ့သူ.......

"မေမေ နေကောင်းလား မေမေ"


" ဆင်လိုလို၊သမင်လိုလို လူတွေကြားထဲ ကျားရဲဖြစ်မှ ရှင်နိုင်မယ်.."
ကျားရဲမဖြစ်သေးရင်တောင် သူဟာဖြူစင်တဲ့ ယုန်သူငယ်လေးတကောင် မဟုတ်တော့တာ အသေအချာ။

"တယောက်ထဲ ခရီးဆက်လိုက်၊တယောက်ထဲ အဆုံးထိ၊အားတင်းရင်ဆိုင်နေလိုက်....."
တယောက်ထဲ ဆက်ရမယ့်ခရီးတွေမှာ "ဘယ်ရင်ခွင်ဟာ အလုံခြုံဆုံးလဲ၊ဘယ်ရင်ခွင်ကို ရည်ရွယ်ထား" လို့ အော်ဆိုပစ်လိုက်တယ်..။ ကဲ ..။


++++++++++++++++++++++++


ညနေ စောင်းလာပြီ။ မကြာခင် အမှောင်လာတော့မယ်။ အမှောင်ဟာမလုံခြုံဘူး။ ကိုယ့်လုံခြုံမှုဟာ ကိုယ့်ထိန်းသိမ်းမှု ဖြစ်တယ်။ သူအပြန်လမ်းက မှိုင်းပြပြ။



++++++++++++++++++++++++


ဆက်ဆိုဖို့ တောင်းဆိုချင်တဲ့သူတွေက

၁။ အန်ဒီ
၂။ ကိုဖုန်းမြင့်
၃။ အဆိုတော် အကိုကြီး ကိုအောင်သာငယ်
၎။ ကြားရခဲစွာ၊ပြီးတော့ စိန်ပန်းနဲ့ ကံ့ကော်တွေဝေနေတဲ့ မကေ

ဖြစ်တယ်မလား။အားရင် ရေးပေးကြဗျာ။

မိညီမလေး တက်ဂ်တဲ့ ဆိုညဉ်းဖြစ်သောသီချင်းများ ဆိုတဲ့ တက်ဂ်ပိုစ့်ဖြစ်ပြီး အော်ပဲ ဆိုဆို၊ တိုးတိုးလေးပဲ ဆိုဆိုပေါ့။


Friday, September 18, 2009

လမ်းပေါ်မှာလေ

ရွှေနိုင်ငံက ကားကြီး၊ကားငယ် အသွယ်သွယ်တို့ဟာ သိပ်ကြမ်းသကိုး။
"ကျွမ်းတာလဲ မဟုတ်ဘူး။ကြမ်းတာလဲ မဟုတ်ဘူး။ရမ်းတာ "တဲ့။မိတ်ဆွေတယောက်ရဲ့ စကားပါ။
သူက အဲ့လို ရမ်းတဲ့ ကားတွေရော၊ကားပေါ်က လူတွေကိုပါ နဲနဲလေးသော်မှ ကြည့်မရ။ အရင်ရုံးမှာတုန်းကဆိုရင် ခပ်ရမ်းရမ်း ကားမောင်းလို့ဆိုပြီး ကားဆရာကို အသံကုန်တဲ့အထိ အော်ဟစ်ပစ်တတ်သေး၊ တကယ်တော့ ဒီလူက လူအေး။

သူက အဲ့လိုဆိုတော့ သူနဲ့ ပေါင်းတဲ့ကိုယ်လဲ ထို့အတူပေါ့။ အသွင်တူလို့ပဲ ပေါင်းလို့ သင်းလို့ဖြစ်နေတာ မဟုတ်လား။

+++++++++++++++++++++

မနက်တုန်းဆီက လက်ဘက်ရည် သောက်နေရင်း ဆိုင်ရှေ့ဆီက အော်ကျယ်၊အော်ကျယ် အဆဲအဆိုတွေ တထွေကြီး ကြားလိုက်ရတယ်။ သိပ်စပ်စုတာကိုး။ဘယ်နေမလဲ။ ခါးလေးမတ်၊မျက်မှန်လေးပင့်ပြီး လှမ်းအကဲခတ် တာပေါ့။

မိုးဖွဲဖွဲအောက်မှာ ကားဖြူလေးတစီး၊ ပြီးတော့ တလုံးပြီး၊တလုံးဆဲနေတဲ့ လမ်းမပေါ်က ဦးလေးကြီးရဲ့ ငယ်သံ ငယ်ရင်းပါတဲ့အထိ ဒေါသသံတွေပါလား။

ဖြစ်နိုင်ခြေက ကားပေါ်ကဆရာက အညင်သာဆုံး စကားနဲ့ဆိုရင်တောင် "လမ်းကို ဘယ်လို လျှောက်နေတာလဲ"လို့ အင်မတန်မှ နားဝင်ခက်တဲ့ အောက်ကလိအာ၊ အာကလိအောက်အသံနဲ့ ပြောပါလိမ့်မယ်။ ဒီတော့ စိတ်ဆတ်ပုံရတဲ့ လမ်းပေါ်က ဦးလေးကလဲ တခွန်းမကျန် ပြန်ပြောရင်းက ရန်ထဖြစ်နေကြတာ။ သူ့ကားနောက်မှာ ကားတွေ တသီတတန်း ပိတ်လို့၊လူတွေလဲ ၀ိုင်းအုံကြည့်လို့၊ ကိုယ်လဲ ပါးစပ်အဟောင်းသားနဲ့ ငေးနေမိတာပေါ့။

ကားပေါ်က ဆရာသမားက ဆင်းလာမလို့ လုပ်သေးတယ်။ ဒါမယ့် သူ့နယ်မြေမဟုတ်လို့ ထင်ရဲ့။ အုံး..၀ုန်း ဆိုပြီး ကားတံခါးကို ဆောင့်ပိတ်လို့ ၀ူး ကနဲမောင်းထွက်သွားတော့တယ်။

+++++++++++++++++++


ရန်ကုန်မြို့က ခြောက်လမ်းသွား၊ လေးလမ်းသွား။ နှစ်လမ်းသွား အဆုံးစွန်စုံး လမ်းကြား မြောင်မြောင်လေးပင် ဖြစ်ပါစေ... လမ်းလျှောက်တဲ့သူမှာ အမြဲ အပြစ်ဖြစ်ရတယ်။ ဘယ်လို လျှောက်နေတာလဲ။
"ဟေ့ မသာပေါ်သွားချင်လို့လား" " ဘယ်လိုလဲ ယောက်ျား မယူချင်တော့ဘူးလား" ဆိုတာထိ။
(ဒီနေရာမှာ ယောက်ျားလို့ပဲသုံးလိုက်ပါတယ်။တကယ် သူတို့ပြောတာက ဒီထက်ဆိုးသေး)

နဲနဲလေးမှ မကြားဝံ့ မနာသာ။ ဘယ်လိုလဲ၊ဘာကြောင့်လဲ... ဒီလောက်တောင် ရိုင်းစိုင်းနေကြတာ။ ကိုယ်လဲ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာပဲကြီးပြီး ဒီနိုင်ငံရဲ့ မြေကြီးအပေါ် ဆပ်စရာ ကျေးဇူးတရားတွေ တပုံတပင်နဲ့ပေမယ့် ကိုယ့်အချင်းချင်းမို့ အညှာအတာကင်းမဲ့စွာ သုံးသပ်ရရင် ရိုင်းစိုင်းမှုနဲ့ အကြောက်တရားသာ စိုးမိုးထားတော့တာ ပဲလား။ဒါတွေကို ဘယ်နှယ့်၊ဘယ်ပုံဆက်ပြီး စခန်းသွားကြပါ့မလဲ..။

++++++++++++++++++


ပြီးခဲ့တဲ့တခေါက် နယ်ပြန်တော့ အိမ်ရှေ့အိမ်က ဆိုက်ကားဆရာအစ်ကိုက ကိုယ်တွေအိမ်က ထော်လာဂျီကို အငှားနဲ့ မောင်းနေတယ်။ သူ ထော်လာဂျီ မောင်းတတ်သွားပြီပေါ့။ သူနဲ့ စကားလက်ဆုံကျတော့မှ "ငါလဲအရင် ဆိုက်ကားနင်းတုန်းက စက်တပ်ယာဉ်ဆို သိပ်မျက်မုန်းကျိုးတာ ညီမရာ၊ခုကိုယ်တိုင် ဒီထော်လာဂျီပေါ် ရောက်မှ လမ်းပေါ်ကကောင်တွေ မထေ့မဲ့မြင် လုပ်တာတွေကို ကိုယ်ကပြန်ပြီး ဒေါသထွက်နေရပြန်ရော " တဲ့။

ကဲ..လမ်းပေါ်က လူတွေကလဲ လမ်းပေါ်ကလူတွေပါပဲ။

ကားပေါ်ကလူတွေကလဲ လမ်းပေါ်ကလူတွေဆို အမျိုးသားများဆိုရင် အက်ပီတန်ကြေငြာလို၊ အမျိုးသမီးများ ကျတော့ ဘေဘီဘိုက်တာ ကြေငြာသလိုမျိုးပေါ့။ သူတို့ရဲ့ အရှိန်တွေကိုမြင်တာနဲ့ ကြောက်လန့်ပြီး အဲ့လိုပုံလေးတွေ ဖြစ်သွားတာကို အကျေနပ်ကြီး ကျေနပ်ကြတာကလား..။ အံမယ် အဲ့ဒါမျိုးလေးမြင်ရရင် သို့တည်းမဟုတ် ကောင်မလေးတွေ အဖွဲ့လိုက်ကြီးဆီက အံမယ်လေးးးးးးးး လို့ စီကနဲ အော်တာမျိုးဆို ပိုတောင်ကြိုက်သေး။ တပြုံးပြုံးနဲ့။ မနက်က ဦးလေးကြီးကိုပြောသလို ဘယ်တော့မှ မပြောကြဘူး။

Thursday, September 17, 2009

တစ်နှစ်ပြည့်ခဲ့ပြီ

တစ်နှစ်ပြည့်ပြီ ဆိုသော်ငြား မနှစ်က ဘယ်နှစ်ရက်နေ့က စခဲ့တာပါလို့ မပြောနိုင်ပါ။

တကယ်တော့ သူများတကာတွေလို ဒီနေ့ ဘယ်နှစ်ရက်နေ့မှာ ဘလော့ တနှစ်ပြည့်ပါပြီလို့ ပြောချင်တာ။ ဒါမယ့် ဘယ်နေ့လဲဆိုတာ မမှတ်မိတော့ပါ။ မနှစ်က သြဂုတ်လမှာ စတင်ပြီး ဘလော့ဂင်းခဲ့ပေမယ့် အဲ့ဒီ ပထမသမီးလေးခမျာ စကားဝှက်ပျောက်ပြီး ချွတ်ချော် တိမ်းပါးသွားခဲ့သည်။ ခု ရှင်သန်နေတဲ့ ဒီဘလော့က ဒုတိယသမီးဖြစ်သည်။ ဆိုတော့....... ဒုတိယဘလော့ဖြစ်တည်ခဲ့တဲ့ ဒီလ စက်တင်ဘာကိုပဲ နှစ်ပတ်လည် သတ်မှတ်လိုက်သည်။

ဆက်လက် ဘလော့ဂင်းနေဦးမည်ဟု ကိုယ့်ကိုယ် ကိုယ်ရော၊မိတ်ဆွေများကိုပါ ကတိက၀တ် ပြုလိုပါသည်။

Sunday, September 06, 2009

ပွဲ


လမ်းကြားလေးတစ်ခုပါပဲ
...............။
အလင်းနဲ့ အမှောင်စီးချင်းသတ်ကြတဲ့နေရာ....
ညနဲ့လ ဇွဲခတ်ကြတဲ့နေရာ...
မိန်းမတစ်ယောက်အတွက်
မနက်ဖန်တွေ လောင်းကြေးထပ်တဲ့နေရာ....။

Mirror
5.09.09

Tuesday, September 01, 2009

တမ်းတ



သက်ပြင်းမှုတ်သံတချက်တချ
က်စီမှာ.....
နှာခေါင်းဝဆီက ထွက်လာတဲ့ခပ်နွေးနွေးအပူငွေ့တွေကို....
သစ်ရွက်စိမ်းတွေဆီက ဇိမ်းရွှေရွှေ(စိမ်းရွှေရွှေ)ရနံ့ကို
နှစ်ခြိုက်နေမိသလား...။
မပြောတတ်တော့ပါ
ဘာကိုမှလဲ ဆက်လက်ပြောကြားလိုစိတ် စိုးစဉ်လေမျှမရှိတော့ပါ။

တိမ်တောက်တဲ့ ညနေ၊
ရေတမာပင်ရိပ်သန်းတဲ့ ညနေ၊
သံလွင်မြစ်ရေစီးသံ သွဲ့သွဲ့ညင်သာတဲ့ ညနေ..၊
သိပ်လှတဲ့ညနေ၊
ဟော့ဒီ အထီးကျန်တဲ့ညေ
နမှာ......
ဟိုးဘက်သံလွင်မြစ်ဆီ တစ်ရိပ်ရိပ်ကျဆင်းနေတာဟာ
ဆည်းဆာလား..
ကိုယ်ကိုယ်တိုင်လား...
ကျရှုံးမှုမှာ ငါရင်မခုန်နိုင်ဘူး ညနေရေ....
ငါ...မရယ်၊မပြုံးပြနိုင်တဲ့အတွက် ခွင့်လွှတ်တော့လေ...ကွယ်......။

လျှောခနဲ၊လျှောခနဲ နဲ့
လျှောကျနေတဲ့...
ဆည်းဆာရေ....
ဒီတစ်ညတော့မင်းလဲ တစ်ထောက်နားလိုက်ဦး..
ငါလဲငါ့နှလုံးသားကို တစ်ညအနားပေးမယ်။

မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းထဲမှာ
အပူငွေ့တွေပါသွားပါစေ။
ဇိမ်းရွှင်ရွှင်ရနံ့တွေတော့ ချန်ထားခဲ့ပါဦး။
ငါ့အသက်ရှူသံခပ်ပြင်းပြင်းမှာ.....၀င်ကယ်ထွက်ကယ်နဲ့...
အဲ့ဒါ အပူငွေ့တွေများ။

ဘယ်ရောက်သွားလဲ၊
သူဘယ်ရောက်သွားသလဲ.........
ခင်ဗျားတို့သိထားရမှာက
ပြန်မရတော့တာဟာ
အတိတ်ဆိုတာကိုပါ။

မှတ်ချက်။ ။ ကဗျာခေါင်းစဉ်မှာ ကိုအငဲရေးပြီး ၀ိုင်ဝိုင်းရဲ့ ထာဝရ တေးစီးရီးထဲမှ သီချင်းနာမည် ဖြစ်ပါတယ်။ သဘောကျလွန်းလို့ ယူသုံးထားပါတယ်။ တစုံတရာ ကန့်ကွက်လာပါက ချက်ချင်းဖြုတ်ပေးပါမည်။

Saturday, August 29, 2009

မကြေးမုံတို့ရွာ

ဒီဘုရားနာမည်က ပဲ့နင်းကြီးဘုရားလို့ခေါ်ပါတယ်။ ဥမ္မာဒန္တီ မိဘုရားတည်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အဲ့ဒိဘုရားနဲ့ ကပ်ရပ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပြီး သင်္ကြန်တွင်းနဲ့ သီတင်းကျွတ်တိုင်းမှာ ၀ိပဿနာတရားစခန်းပွဲ လုပ်ပါတယ်။ အဲ့ဒိဘုရားနားက မယ်သီလရင်ကျောင်းလေးမှာ ကျမဆယ်တန်းပြီးခါစတုန်းက မယ်သီလရင် ၀တ်ဖူးတယ်။ ဘွဲ့နာမည်က ခေမာစာရီ တဲ့။း)။ ငယ်ငယ်တုန်းက ရိုးစင်းတဲ့ဘ၀ဖြတ်သန်းမှုတွေ တမ်းတရင်း ဒီဘုရားပုံလေးကို ရိုက်လာဖြစ်ခဲ့တယ် ဆိုပါတော့။

စကားထစ်ပေမယ့် အင်မတန်လည်တဲ့ အိမ်ရှေ့အိမ်က ကလေးလေး။ နာမည်က ကိုသူ တဲ့။ ခုမှ ၆ နှစ်ရယ်။ ညနေတိုင်း နွားထွက်ရုတ်ရတယ်..။(ရုတ်=ပြန်သိမ်းတာ)






ကင်မရာ စုတ်စုတ်လေးနဲ့ပါ။ တကယ်တော့ အစိမ်းရောင်သေချာမြင်ရတဲ့ ပုံတွေ ကျန်သေးတယ်။ ပုသိမ် မုံရွာလမ်းမကြီးပေါ့။ ကျမမိသားစုနေနေတဲ့ ရွာလေးရဲ့ အနောက်ဘက်မှာပါ။

စပါးပင်ရဲ့ အစိမ်းရောင်နဲ့ ဝေးနေကြသူများအတွက်။



မြက်ထုံး။ ရှေ့တစ်ထုံး၊ နောက်တစ်ထုံး၊ တံပိုးနဲ့လျှိုပြီး ထမ်းပါတယ်။ ခုလိုမိုးတွင်းမှာ ကောက်ရိုးခြောက်ရော မြက်ရော စားရတဲ့နွားတွေ ဆူဖြိုးတာပေါ့။

မြတ်ရိတ်ပြီးပြန်လာတဲ့ ရွာထဲကအစ်ကို၂ယောက်။

ကျနော် ကြွက်ထောင်မလို့ဗျ။

ဘာရယ် မဟုတ်ပါဘူး။ အားအားနေရင် ကိုယ့်ဇာတိမြေဆိုတာတော့ လူတိုင်း လွမ်းတတ်ကြတာပဲ မဟုတ်လား။ ဟုတ်ကဲ့။ ကျမ တောသူပါ။