Tuesday, October 25, 2011

မွေးနေ့အတွေး

သို့.. မာတာမိခင်

ဒီတခေါက် အမေ့ဆီကိုပြန်တဲ့ခရီးက အပျော်ခရီးမဟုတ်ခဲ့ဘူး။
အပျော်ခရီး မဖြစ်ခဲ့တာကိုပြောတာ မဟုတ်ပါဘူး။ ပျော်လို့ပြန်တဲ့ခရီး၊ ပျော်ရွှင်ပြီး ပြန်တဲ့ခရီးမဟုတ်ဘူးလို့ ဆိုလို ချင်တာပါ။တာဝန်တွေထမ်းပြီးပြန်သွားခဲ့ရတာဖြစ်ပြီး တာဝန်တွေကိုထမ်းပြီး ပြန်လာခဲ့ရတဲ့ခရီးလို့ ဆိုရမယ်။

ဒီနေရာမှာ တာဝန်လို့ပြောမိ၊သုံးနှုံးမိတာကိုက ကျမဘက်က အနည်းငယ်လွန်သွားမလားမသိဘူး။အမေက ကျမအတွက် ၂၆ နှစ်လုံးလုံး တာဝန်ထမ်းခဲ့ပြီးပြီ။ ကျမအဖို့ရာက ဒီတစ်ကြိမ်ကမှ စလို့ အမေ့အတွက် လိုအပ်နေ တဲ့နေရာတွေမှာ ငါသာ ၀င်နေရာယူလိုက်ရင်ဆိုတဲ့စိတ်နဲ့တင် တာဝန်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်တယ်ဆိုတော့ ဒါ... ရာနှုန်းပြည့်မှန်တယ်၊ရာနှုန်းပြည့်သင့်တင့်လျောက်ပတ်တဲ့ အတွေးလို့ မသတ်မှတ်သင့်ဘူးလို့ ကိုယ့်ကိုယ် ကို နှလုံးသွင်းပါတယ်။

ချစ်ခြင်းမေတ္တာ

အရင့်အရင်တုန်းက စာတွေထဲမှာ ရေးခဲ့ဖူးသလိုပဲ ကျမမှာ စိတ်အကျယ်ကြီးရှိသမို့.. ချစ်ခြင်းမေတ္တာအမျိုးအစား အစုံအလင်ရှိပါတယ်။

လူတစ်ယောက်ရဲ့ စိတ်ဟာ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ကုဋေကဋာချီပြီးပြောင်းလဲနိုင်တဲ့အထိ မြန်ဆန်ပြောင်း လဲနိုင်စွမ်းရှိတယ်လို့ မြတ်စွာဘုရားဟောခဲ့ဖူးပါတယ်။အဲ့ဒီပြောင်းလဲမှုတိုင်းကို အသိကပ်ပြီး မှတ်နိုင်တဲ့ အရည်အချင်းက အဲ့ဒီလူရဲ့ပင်ကိုယ်ဥာဏ်ရည်၊အဲ့ဒီလူရဲ့ သမာဓိရင့်သန်မှုလို့ တရားတွေ နာကြားဖူးပါတယ်။ မဆီတာနဲ့ မဆိုင်တာကိုဆွဲစပ်ပစ်သလိုမျိုးများ မသိဘူး။ ကျမစိတ်ရဲ့ ပြောင်းလဲမှုက အင်မတန်မြန်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတိုင်းကိုတော့ စိတ်နောက်ကိုယ်ပါ မလုပ်မိအောင်၊မလုပ်ဖြစ်အောင် လိုက်လိုက်ထိန်းတတ်တဲ့ အကျင့်တစ်ခုကလဲ ရှိနေပါတယ်။ အဲ့ဒီအတွက် ကျမရဲ့ မိတ်ဆွေတချို့က "တွေဝေသူ" လို့ ကျမကို ငဲ့ငဲ့ညှာညှာ သတ်မှတ်ကြတယ်။အဲ့ဒီစိတ်ကြောင့်ပဲ ဘ၀ရဲ့ ဆုံးဖြတ်ချက်တွေမှာ မှားယွင်းစေခဲ့သလို.. ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ရင်လဲ မှားယွင်းနေတတ်ပါတယ်။

မှားတယ်လို့ သတ်မှတ်နိုင်ပြီဆိုတာက အချိန်ကာလအပိုင်းအခြားတစ်ခုကို ဖြတ်သန်းပြီးမို့လို့ သတ်မှတ်နိုင် တာဖြစ်ပြီး... ဘ၀ရဲ့ဖြတ်သန်းမှု အချို့နေရာတွေမှာ ကျမမှားခဲ့တာတွေ ရှိပါတယ်။ချစ်ခြင်းမေတ္တာအရာမှာ.. အဲ့ဒီအပြောင်းအလဲ မြန်တဲ့စိတ်ကြောင့် မှားသွားလိမ့်မလား၊ သို့မဟုတ် မှန်တယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်နိုင်မှာလား ဆိုတာတော့ ကျမကိုယ်တိုင် ခုထိမသိသေးပါဘူး။အဲ့ဒီလမ်းကိုတော့ လျှောက်နေဆဲပါပဲ။

သံဝေဂ

ဘယ်လိုပဲဖြစ်ဖြစ် ၂၆ နှစ်ဆိုတဲ့အသက်အရွယ်ဟာ သေမယ်ဆိုလဲ သေလို့ရတဲ့အရွယ်ပါပဲ။ ဒီစာရေးနေရင်းမှာပဲ ငယ်ငယ်တုန်းက Presentation တစ်ခုလုပ်ဖူးတာ သွားသတိရမိပါတယ်။ငယ်ငယ်တုန်းက လုပ်တာဆိုတော့ ကိုယ့်မှာ လူများထောက်ပြပြောဆိုစရာ အချက်အလက်တွေ သိပ်နည်းတဲ့အချိန်မို့ လူများတကာကိုသာ ကိုယ်က ထောက်ပြပြောဆိုခဲ့တာမျိုးတွေချည်းပဲ Presentation တစ်ခုလုံးပြည့်လို့ နေပါတယ်။ ခေါင်းစဉ်က "How to Grow old" ဖြစ်ပြီး အသက်ကြီးနေတဲ့လူကြီးတွေဆီက မကောင်းတာတွေကို ကိုယ့်မှာမဖြစ်လာဖို့ ကြိုးစားဖယ်ရှားပြီးကောင်းတာတွေကို စိတ်ရဲ့အိတ်ကပ်ထဲ ထည့်သိမ်းကြပါစို့ဆိုတဲ့ ရှူထောင့်ဘက် ကနေ ပြောခဲ့တာပါ။

အချက်အလက်တွေကို တစ်ခုချင်းသေချာ မမှတ်မိတော့ပေမယ့် လူကြီးဖြစ်နေတဲ့လူတွေရဲ့ နေထိုင်မှုပုံစံတွေကို အခန်းကဏ္ဍ ငါးခုခွဲပြီး ပြောတာမျိုးပါ။ငယ်စိတ်နဲ့ဆိုတော့ ကဲ့ရဲ့သလိုတောင် ဖြစ်ခဲ့မလားပဲ။
Presentation အပြီးမှာ ကျမတို့ဆရာကြီးက ခါးလေးကိုင်းကိုင်း ကိုင်းကိုင်းနဲ့ ထွက်လာပြီး ဘယ်ကဏ္ဍထဲမှာ ငါက ပါသလဲလို့ ရယ်ကျဲကျဲနဲ့ မေးခဲ့တဲ့ပုံကို ခုထိအမှတ်ရနေဆဲ။ဆရာ့ဘာသာ ဆရာရွေးပေါ့ ဆိုတော့.. အဲ့ဒီအချိန်တုန်းက အရက်သောက်နေဆဲဖြစ်တဲ့ ဆရာက အရက်သောက်ပြီး အသက်ကြီးသူတို့အပိုင်း ကို ရွေးခဲ့ပါတယ်။ ပြီးတော့ ငါ့များစောင်းပြောသလား ထင်ရတယ်တဲ့။ ခုတော့... ကိုယ်က အဲ့ဒီတုန်းက ကိုယ်ပြောခဲ့ဖူးတဲ့ အခန်းကဏ္ဍငါးခုစလုံးထဲ ပါနေပါပြီ။ ကိုယ့်ကိုယ် How to grow old လို့ ပြန်လာမေးမယ့် သူကို စောင့်နေရတော့မယ်။

ဘယ်လိုပဲဖြစ်ဖြစ်....မနေ့ကမှ မြေကျတဲ့ ကဗျာဆရာလှသန်းရဲ့ ကဗျာထဲကလိုပဲပေါ့. "မွေးမြူရေးငါးတစ်ကောင် မဟုတ်ခဲ့တာကို ဂုဏ်ယူပါရစေ" လို့ပဲ ဆိုချင်ပါတယ်။