Sunday, March 24, 2013

အိမ်နီးနားချင်း

အခုနေနေတဲ့တိုက်ရဲ့ အခန်းတစ်ခန်းမှာ စိတ်ရဲ့ကြိုးလေး လွတ်နေသူတစ်ယောက်ရှိတယ်။ ညညဆို အသံကျယ်ကျယ်နဲ့ ထထ အော်တတ်တယ်။ အဲ့ဒီအသံဟာ သူ့ရဲ့ ပျော်ရွှင်မှုဆီက လာသလား၊ ဝမ်းနည်းမှုဆီက လာသလား၊ မကျေနပ်မှု တစ်ခုခုဆီကလာသလား ခွဲခြမ်းစိတ်ဖြာကြည့်ချင်ပါသေးတယ်။ သူက အဲ့လိုညတိုင်း အော်တော့ နတ်မောက်မှာတုန်းက အခန်းငှားပြီး နေခဲ့တဲ့အိမ်ဘေးက အမျိုးသမီးကို သွားသတိရမိတယ်။

နတ်မောက်မှာ ၇ လကျော် နေခဲ့ပေမယ့်၊ သူ့ကို တစ်ယောက်ထဲသပ်သပ်ထားထားတဲ့ တိုက်ခန်းလေးနဲ့ ကိုယ်နေတဲ့အခန်းကျဉ်းလေးက နီးနီးလေးပေမယ့် သူ့အသံသာကြားရပြီး သူ့ကို တခါမှ မမြင်ဖူးခဲ့ပါဘူး။ ဘာကြောင့် အဲ့သလို စိတ်ရဲ့ကြိုးလေးလွတ်သွားခဲ့ရတာလည်းလို့ ဟိုဟိုဒီဒီ မေးမြန်းကြည့်တော့ ၈၈ အရေးအခင်းကာလမှာ စီးပွားရေးတက္ကသိုလ်ကျောင်းသူအဖြစ်ရှိနေခဲ့ပြီး သူမျက်ဝါးထင်ထင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေက သူ့ကို အဲ့လိုဖြစ်စေခဲ့ပါသတဲ့။ မိဘတွေ မရှိတော့တာမို့ ညီမတွေနဲ့ တစ်ခြံထဲအတူနေပေမယ့် သူ့ရဲ့အခြေအနေက မထင်ရင်မထင်သလိုဖြစ်တတ်တာမို့ တိုက်ခန်းလေးတစ်ခန်းလုပ်ပေးထားပြီး တစ်ယောက်ထဲသပ်သပ် နေစေပါတယ်။ ညညဆို သူအော်တဲ့အထဲမှာ နတ်မောက် ရဲစခန်းမှူးကို နာမည်ခေါ်ပြီး ဆဲတာနဲ့ " မီးထွန်း မီးထွန်း " ဆိုတာက မပါမဖြစ်လို့ ပြောနိုင်ပါတယ်။ ရဲစခန်းမှူးကို ဆဲတာကတော့ သူ့ကို ရဲအမိန့်နဲ့ တိုက်ထဲထည့်ထားတယ်လို့ အသိပေးထားပုံပါပဲ။ ဒီတော့ ဒီရဲကို မကျေနပ်ဘူး။ မကျေနပ်တော့ ဆဲသည်ပေါ့။ မီးထွန်း မီးထွန်း ဆိုပြီး နှစ်ခွန်းဆင့်ပြီးပြောတဲ့ စကားလုံးကို အစပိုင်းတော့ ကိုယ်လည်း မသဲကွဲဘူး။ ဒါနဲ့ ကိုယ့်ဘာသာ မခန့်မှန်းတတ်တော့တဲ့အဆုံး တခြားမေးကြည့်တော့မှ သူ့ညီမနာမည် မိထွန်းကို ခေါ်နေတာပါတဲ့။ အဲ့လိုပေါ့ သူ့ညီမငယ်ကို သူညတိုင်း အော်ခေါ်နေခဲ့ရတာ။

ညနက်လေ သူ့အသံက နက်လာလေပါပဲ။ အချို့ညတွေမှာတော့ အဲ့ဒီအသံဟာ ခြောက်ခြားစရာ ကောင်းပါတယ်။ ပုံမှန်ညတွေမှာ ကိုယ့်ခေါင်းရင်းက ပြတင်းပေါက်ကို လုံအောင်ပိတ်ထားပေမယ့် လမင်းက အလွန်အမင်းထွန်းလင်းတဲ့ညမျိုးဆိုရင်တော့ ကိုယ်လည်း အဖြားယောင်းခံရပြီး တံခါးဖွင့်ထားမိခိုက်၊ သူ့အသံကြားရင် ထိတ်ခနဲဖြစ်ပြီး အလျင်အမြန်ပိတ်ရတာပေါ့။ လူချင်း မမြင်ဖူးပေမယ့် အသံကနေတဆင့် ကျမသူ့ကို ရင်းနှီးနေသလိုပါပဲ။ သူ့အသံပေါ် ခွဲခြမ်းစိတ်ဖြာတတ်နေပြီ။ အနည်းဆုံးတော့ ဒီည စိတ် အရမ်းကြီးနေသလား၊ သာမာန်အခြေအနေမှာ ရှိနေသလား ဆိုတာမျိုးတော့ ခွဲခြားတတ်နေပြီ ဆိုပါတော့။

တစ်ညသားကျတော့ တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အချိန်က မနက် ၃ နာရီလောက်ဖြစ်နေပြီ။ သူ့ညီမကို သူအော်ခေါ်နေတာ။ ခေါ်သံက ညနက်နေတာမို့ အခါတိုင်းထက် ပိုပြီး ကျယ်လောင်နေတယ်။ ရဲစခန်းမှူးနဲ့ တခြားသူတွေကို ဆဲသလို မာထန်မနေဘူး။ ကျမလည်း ဆတ်ခနဲ လန့်နိုးသွားပြီး သူ ဘာများဖြစ်ပါလိမ့်ပေါ့။ တခါမှ ဒီလိုအချိန် မအော်ဖူးဘူးလေ။ ညဦးပိုင်းပဲ အော်လေ့ရှိတာ။ သူအော်ခေါ်နေတာ အတော်ကြာတယ်။ နားထောင်းရင်းက သူ့အသံနက်နက်ကို ခါတိုင်းလို မထိတ်လန့်တော့ပဲ ကျမ ကရုဏာဖြစ်လာမိတယ်။ မမိထွန်းရယ် ... ထူးလိုက်ပါ ထူးလိုက်ပါ လို့ စိတ်ထဲက ဆုတောင်းနေမိတဲ့အထိပါပဲ။ ဒါနဲ့ မိနစ်အနည်းငယ်ကြာသွားတော့ ဆက်တိုက်မခေါ်တော့ဘဲ ရပ်လိုက်၊ ပြန်ခေါ်လိုက်။ အသံကို နှိမ့်လိုက်၊ မြှင့်လိုက်နဲ့ လုပ်တယ်။ သူ မောသွားပုံရတယ်။ တော်တော်ကြာတော့မှ " (( ဘာလဲ )) " ဆိုတဲ့ မမိထွန်းရဲ့ အသံကို ကြားလိုက်ရတော့ ခေါ်နေသူတော့ ဘယ်လိုနေတယ်မသိ၊ ကျမက ဝမ်းသာနေမိခဲ့တာ။ အဲ့ဒီအခိုက်အတန့်မှာပဲ ဝမ်းသာရာကနေ စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းတောင် မမှတ်မိတော့ပါဘူး။ ညီမလုပ်သူက " ဘာလဲ " လို့ မေးမေးချင်းမှာပဲ သူပြန်ပြောလိုက်တာက " ငါ ခေါက်ဆွဲပြုတ် သောက်ချင်တယ် " တဲ့။ အဲ့ဒီစကားလုံးတွေထဲမှာ ခါတိုင်းနဲ့မတူတဲ့ မကျေနပ်ခြင်း ဒေါသတွေမပါတော့ဘဲ အားနာခြင်း၊ ဆာလောင်ခြင်းနဲ့ မျှော်လင့်ခြင်းတွေ ပါတယ်လို့ သူ့အသံကနေတဆင့် ကျမဖမ်းလိုက်မိတယ်။

" မလုပ်ပေးနိုင်သေးဘူး၊ ညကြီးမင်းကြီး " စသဖြင့် ညနက်နက်မှာ ညီအစ်မ ၂ ယောက် ဟိုဘက်အိမ်၊ ဒီဘက်အိမ်အပြန်အလှန် ငြင်းခုန်တောင်းဆိုနေတာတွေ နားထောင်ရင်း ကျမလည်း ပြန်အိပ်ပျော်သွားခဲ့တယ်။ အမှတ်ရစရာတစ်ခုကတော့ သူနဲ့ ခြံချင်းကပ်လျက်နေခဲ့တဲ့ ၇ လလုံးမှာ အဲ့ဒီ " ငါ ခေါက်ဆွဲပြုတ်သောက်ချင်တယ် " ဆိုတဲ့စကားဟာ သူ့ဆီကနေကြားရသမျှ အသံတွေထဲမှာ အပီသ၊ အကြည်မြဆုံးဖြစ်နေတာပါပဲ။ 

Tuesday, March 19, 2013

မျှော်လင့်ခြင်း

ရှူးဖိနပ်ထဲ ထည့်သိမ်းထားခံရတဲ့
ခြေချောင်းလေးတွေမှာလည်း
လွတ်လပ်မှုကို ငံ့လင့်စိတ် ရှိမှာပဲ။
အနိမ့်ဆုံးအဆင့်
ဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့ အချိုးခံခွင့်ပေါ့။
 
mirror
( ၁၉-၀၃-၁၃ )