Monday, June 28, 2010

ကြယ်လွဲမိုး(တိုးနှောင်မိုး)

အဝေးကိုစီးဖို့
မြစ်ရဲ့ခြေအစုံကို တောင်းပန်
ကောင်းကင်တစ်ခုပြီးတစ်ခု ဖတ်ခဲ့။
ဘယ်တော့များ ကြယ်ကိုစိုအောင် ရွာမှာလဲ
စကြာဝဠာ ကျစ်ဆံမြီးထဲ
ပွင့်ချင်တိုင်းပွင့်
လှချင်တိုင်းလှ ကြယ်မလေးရေ...
ငါ့ကောင်းကင် လက်တစ်ဆုံးတောင်
မင်း ပုန်းနေတုန်းပဲလားကွယ့်
အာသီသတွေသာ ရှိပြီး
သင်ယူလို့ မရတဲ့မိုးဟာ ငါပဲပေါ့။

တိုးနှောင်မိုး

ဆိုဒ်ဘားမှာ တင်ထားဖြစ်တာ အတော်ကြာပြီမို့ ဘလော့လည်မိတ်သဟာများလဲ ဒီကဗျာကို ရင်းနှီးနှင့်ပြီးသား ဖြစ်ပါလိမ့်မယ်။
ကဗျာအသစ်လဲ လဲချင်၊အဟောင်းလဲ မပြစ်ရက်... ဘာလုပ်ရမယ်မှန်းမသိနဲ့.. လူက ဒွိဟဖြစ်နေမိပါသေးတယ်။ ဒီကဗျာကို တန်ဖိုးထားမိစေတဲ့ အခြားသောအကြောင်းချင်းရာများလဲ ရှိနေသေးတဲ့အတွက် ဘလော့မှာ အမှတ်တရ သိမ်းထားလိုက်ပါတယ်။

စကားစပ်ပြီးပြောရရင် သရေခေတ္တရာမြို့သား ကဗျာဆရာတိုးနှောင်မိုးရဲ့ ကဗျာတွေကို ကလေးဘ၀ထဲက စွဲလန်းခဲ့မိခဲ့တယ်။မှတ်မှတ်ရရ သူနဲ့အတူ စာရေးဆရာမ သွေး(စစ်ကိုင်း) လဲပါတဲ့ ကဗျာစာအုပ်တအုပ် ဖတ်ဖူးရဲ့။ "သက်ပြင်းမှုတ်သံ တဟူးဟူး" ဆိုတဲ့အသုံးကို တအားသဘောကျလွန်းလို့ ခုထိ စွဲနေတာ။အဲ့ဒီ စကားလုံးက သူတို့နှစ်ယောက်ထဲက တယောက်ယောက် ရေးတာပါပဲ။ဘယ်သူလဲသာ မသိတာ။

မှတ်မိချင်တာတွေကိုသာ မှတ်မိတတ်ပြီး မမှတ်ချင်တာတွေကို အကွက်လိုက်၊အကွက်လိုက် မေ့သွားတတ်တဲ့ အကျင့်က ဘယ်ကဘယ်လို ကိုယ့်ဆီ တိတ်တဆိတ်ဝင်ရောက်ခဲ့သလဲ မသိပါဘူး။
ဒါကစကားချပ်။း)

6 Responses to “ကြယ်လွဲမိုး(တိုးနှောင်မိုး)”

jr said...

ဟုတ်ပ..ဆားချက်ထားတာပဲ..
ဒါမဲ့ဆားလေးက..ချိုတိုတို..

LB said...

မှတ်မိချင်တာတွေကိုသာ မှတ်မိတတ်ပီး မမှတ်ချင်တာတွေကို အကွက်လိုက်၊ အကွက်လိုက်မေ့သွားတတ်တဲ့ အကျင့်က
ငါနဲ့တူပါ့ ... ကြပ်ခိုးတွေနဲ့ ချောင်းတောင်ဆိုးတယ်လာအော်တဲ့ အမကြီး
ပို့စ်အသစ်တင်တယ်ဆိုပီး လူလည်လုပ်တယ်ပဲ မှတ်တယ် :P

Maung Myo said...

စကားချပ်ကိုပိုသဘောကျတယ် ကောင်းတာတွေကို မှတ်မိပြီး မကောင်းတာတွေကို မေ့မေ့သွားရင် တော်တော်ကောင်းမယ်နော့် ။

Maung Myo said...

လကုန်ပြီ အကြွေးပေး.....။

purplemay said...

ဆိုဒ်ဘားကို မကြည့်မိတော့ အသစ်ပေါ့...ဟီးးး။
ကောင်းလိုက်တဲ့ကဗျာလေးပါပဲ...။

ဒါလေးကို အခုမှ ဖတ်ဖြစ်လို့ . .
စာအုပ်က ၂၀၀၃ ခုနှစ် ဒီဇင်ဘာလထုတ် ဖေဖော်ဝါရီတိမ်မျှင်များ ဆိုတဲ့ ကဗျာ စာအုပ်ပါ။
မိုးဝေး၊ဟိန်းမြတ်ဇော်၊လူဇော်သစ်၊ဝိုင်ချို၊တိုးနှောင်မိုး၊အောင်ရင်ငြိမ်း နဲ့ သွေး(စစ်ကိုင်း) တို့ပါပဲ။
"သက်ပြင်းမှုတ်သံ တဟူးဟူး" ဆိုတာက မိုးဝေးရေးတာပါ။
ရာစုနှစ်တစ်ခုလုံးကို ကျောခိုင်း၍ ဆိုတဲ့ ကဗျာ ရဲ့ ပထမ အပိုဒ်မှာ

သက်ပြင်းမှုတ်သံ
ကားအိတ်ဇောပိုက် တဟူးဟူး။ တဲ့။

ဘာရယ်တော့ မဟုတ်ဘူး အနားမှာ စာအုပ်က အလွယ်တကူရှိနေလို့ ပြောလိုက်တာပါ။