Monday, June 14, 2010

ခရမ်းရောင် စာမျက်နှာ

ဒီမနက် ခရမ်းရောင်ပန်းတွေ ပွင့်တယ်။ခရမ်းရောင် အပြုံးတွေ ဝေဆာတယ်။ခရမ်းရောင် နူးညံ့မှုအချို့ ကျနော် အမိအရ ပိုင်ဆိုင်ရတယ်။ခရမ်းရောင် မနက်ခင်းတခုကို ကျနော်ဖြတ်သန်းခဲ့ပြီးပြီ။
အင်း...အရောင်ဆိုလို့ ကျနော်က အရောင်တွေအကြောင်း သိပ်ပြီးခံစားတတ်လှတာ မဟုတ်ပါဘူး။

++++++

အရောင်တွေကို ကျနော် နာမည်တပ်ပြမိတဲ့အခါတိုင်း ကျနော့် အရောင်တွေအပေါ် သဘောတကျ ရယ်မောတတ်သူတယောက်ကို ကျနော်သတိရမိပါရဲ့..။
အခုလဲ ခရမ်းရောင် မနက်ခင်းတခုကို ကျနော်မိန်းမူးသာယာနေတာ သူသိသွားရင် ကျနော့်ကို ပြုံးနေဦးမှာလား။ ကျနော် နာမည်တပ်ပြတဲ့အရောင် မှားယွင်းလို့လား သို့မဟုတ် ခံစားတတ်လွန်းတယ်ကွယ် ဆိုပြီးတော့လား.. သူပြုံးနေဦးမှာပါ။ သူ့အပြုံးရဲ့ အဓိပ္ပါယ်ကိုတော့ သူပဲ သိပါလိမ့်မယ်။

ကျနော့်လိုခပ်တုံးတုံးကောင်က အရောင်တွေအကြောင်း မသိရုံမက သူ့အပြုံးအချို့ကိုလဲ နားမလည်ပါ။ အရောင်တွေကို မခံစားတတ်ပေမယ့် သူ့အပြုံးတွေကိုတော့ ခံစားတတ်နေမိပြန်တယ်။အဲ့ဒီအကြောင်းကို ကျနော် သူ့ကိုမပြောခဲ့မိပါ။အင်းလေ..အချို့အကြောင်းအရာတွေမှာက စကားလုံးတွေ သိပ်ပြီး လိုအပ်လှတာ မဟုတ်ပါဘူး။
စိတ်ကို စိတ်နဲ့မြင်အောင် ကြည့်တတ်၊ခံစားတတ်ဖို့ပဲ လိုတာပါ။ စိတ်ကို စိတ်နဲ့နားလည်ယူလို့ရကြောင်း သူနဲ့ ဆုံပြီးမှ ကျနော်နားလည်တတ်လာတယ်။

++++++

သူ့စိတ်ကိုဖတ်ဖို့ ကျနော့်စိတ်ကို ရွက်ကုန်လွှင့်ထားရတယ်။ သူ့စိတ်အလျင်ကို ကျနော်က အမြဲတမ်း မမှီမကမ်း လိုက်ရတယ်။အဲ့ဒီအခါတိုင်း ကျနော်မောပန်းမိပါရဲ့။ခြေကုန်လက်ပမ်း ကျမိပါရဲ့။ဒါပေမယ့် ကျနော်က သူ့စိတ်မှာ အဲ့လိုစီးမြောရတာကိုပဲ နှစ်သက်နေမိပြီး ရပ်တန့်ပစ်ဖို့လဲ စိတ်မကူးမိသေးပါဘူး။

ဒီလိုဆိုရင် သူ့ဘက်ကရော... သူဟာ သာမာန်နေထိုင်မှုပုံစံထဲမှာပဲ ရှိနေပါတယ်လို့ ခဏခဏပြောဖူးတယ်။ သူ့စိတ်ကို မဖတ်ဖို့လဲ တားမြစ်လား တားမြစ်ရဲ့။နောက်ဆုံးတော့ သူ့ဘ၀ထဲ လျှောက်ဝင်မလာဖို့ပါ ဟန့်တားထား တတ်သေးတယ်။ကျနော့်အဖို့တော့ ရပ်ပါလို့ တားဆီးနေတာက ရှေ့သို့မြန်မြန်လို့ တွန်းပို့နေသလို ဖြစ်စေတယ်ဆိုတာ ကျနော်သူ့ကို မပြောပြဖြစ်ခဲ့ပါဘူး။
သူ့စိတ်ကို ညစဉ်ညတိုင်း ကြိုးစားပြီးဖတ်နေတုန်းပါပဲ...။ကျနော့် စာမျက်နှာတရွက် နောက်ကိုရွေ့တဲ့နေ့ဟာ နောက်တနေ့မှာ ခရမ်းရောင်ပန်းတွေ ပွင့်တဲ့နေ့ပေါ့...။

ခရမ်းရောင်ပန်းတွေ၊ခရမ်းရောင်လမ်းတွေ..ပြီးတော့ ခရမ်းရောင်အပြုံးတွေ ခပ်များများပွင့်စေဖို့.. ကျနော်ကတော့ဖြင့် သူ့စိတ်ကို ကြိုးစားပမ်းစား ဖတ်နေရဦးမှာပါပဲ...။....။

+++++++

9 Responses to “ခရမ်းရောင် စာမျက်နှာ”

littlebrook said...

ပို့စ်မော်ဒန်ရည်းစားစာ .. ဟိဟိ
ဖတ်ပြီးတာနဲ့ ပစ်ကြွေသွားတယ်ဟယ် မိုက်တယ်ဟ

ကောင်းလိုက်တာ...
တာရာမင်းဝေနဲ့ နင်လား ငါလားပဲ
တကယ်မိုက်တယ်အမ

ဝင်လာခွင့်ပြုပါ ပန်းကလေးရယ်ပေါ့...။

တိုတိုလေးနဲ့ လှလှလေး =)

jr said...

နေပါဦး.. နို့ နေ့တိုင်း ခရမ်းရောင်ပဲလား။
ပျင်းစရာကွယ်။ ရိုးလွယ် အီလွယ်သူတွေအတွက်တော့ ဘယ်ကောင်းပါ့မလဲ။
း))

SHWE ZIN U said...

အင်း ရွှေစင်ဦးတောင် ခရမ်းရောင်ပေါက်လာသလိုဘဲ ဖတ်ရင်းဖတ်ရင်း နဲ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင်မျိုး said...

အဲ့ပန်းက ဘာပန်းလဲ kiss me quick ????

;)

mirror said...

LB ဟုတ်ဘဲနဲ့..း(

နတ်ဆိုးလေး ရယ်.. ပေါက်တတ်ကရတွေ..။
(စာလာဖတ်တာ ကျေးဇူး)

ကဗျာဆရာကြီး တခွန်းဝင်ပြောလိုက်မှ အများကြီး ရေးထားတာထက် ပိုလှသွားပါရောလား..။
ကျေး ကျေး ....း)

မမ မယ်ကိုး.. လှတယ်ဆို ပျော်တာပေါ့။..။

ချစ်သော ဂျူနီယာ..နေ့တိုင်းပါပဲ။ ရိုးလွယ်အီလွယ် တာက ခံစားမှုအတိမ်အနက်ပေါ်မှာ လိုက်ပြီး ကွဲပြားတတ်သေးကြောင်း...း)

မရွှေစင်ဦး ရေ.. မကြာမကြာ စာလာဖတ်တာ ကျေးဇူးပါ။

မောင်မျိုးရေ.. ခရမ်းရောင်ပန်းပါဆို...။ စက္ကူပန်းပေါ့.။း))
နှိမ့်ချတယ်၊နူးညံ့သလိုနဲ့ မာကျောတယ်။..။ပြီးတော့ လှလဲလှတဲ့ ခရမ်းရောင် စက္ကူပန်းလေးတွေ နင်မမြင်ဖူးသေးဘူး..ဟုတ်။..။း))

ဘာပဲဖြစ်ဖြစ် ခရမ်းရောင်ကို သဘောကျတော့ ခရမ်းရောင် စာမျက်နှာကိုလည်း သဘောကျပါတယ်..