Thursday, May 28, 2009

ဒီနေ့မြင်သမျှ.... ဒီနေ့ကြားသမျှ..ဒီနေ့တွေးမိသမျှ

နာနတ်တောဂုံးကျော်တံတားအောက်က ဗဟိုလမ်းမပေါ်မှာ၊အတိအကျဆိုဂုံးတံတားနဲ့ပရီမီယာဘီယာဆိုင်ကြား။ ဗဟိုလမ်းမရဲ့ ဘယ်ညာတစ်ဖက်တစ်ချက်ဆီမှာ...အပေါ်အင်္ကျီဗလာနဲ့..
ခါးဝတ်ပုဆိုးကိုခါးတောင် မြောင်အောင်ကျိုက်လို့..အမျိုးသားတွေဟာ...မိုးဖွဲဖွဲအောက်မှာ..လက်တွေကို မိုးပေါ်ထောင်ပြီး ဘာတွေများ တောင်းဆိုနေပါလိမ့်လို့ မြင်မြင်ချင်းမှာ အတွေးဝင်မိတယ်..။

ကိုယ့်အတွေးနဲ့ကိုယ်မို့ပါ..။တကယ်တော့ သူတို့က သူတို့အလုပ်သူတို့လုပ်ကြတာပါ။ရန်ကုန်မြို့မှာ ဘယ်နေရာမှ မတွေ့မိသေးတဲ့ ဓာတ်ဆီ၊ဒီဇယ်ရောင်းနည်း အသစ်ပါ။ကားလမ်းမရဲ့ တစ်ဝက်လောက်မှာ နေရာယူ၊ မတ်တပ်ရပ်ပြီး ဖြတ်သွားဖြတ်လာ ကားကြီးကားငယ်ကို..လက်ညှိုးတစ်ထောင်ထောင်နဲ့...ဆီရောင်းဖို့ အော်ခေါ် နေကြတာပါ..။အကြမ်းအရမ်းမောင်းလာမယ့် ကားအန္တရယ်၊ကားပေါ်က ဆရာသမားများရဲ့ ဆဲရေးတိုင်းထွာသံ..
အဲ့ဒါတွေကို ဂရုစိုက်စိတ်ပူနေဖို့ မအားဘူး။ဆီရောင်းရဖို့ကသာ အဓိက။

************************************

အာရှတော်ဝင်ဆေးခန်းကြီးရဲ့...အထူးကြပ်မတ်ကုသဆောင်ရှေ့မှာ...မရိတ်တာကြာပြီဖြစ်တဲ့နှုတ်ခမ်းမွေးစစနဲ့..
အရောင်မထွက်တော့တဲ့ ပလေကပ်ပုဆိုးကိုဝတ်ထားတဲ့ အမျိုးသားတစ်ဦး။သူ့ရှေ့ကြမ်းပြင်ကိုမျှော်လင့်တကြီးနဲ့
ငေးစိုက်ကြည့်နေတယ်..။အခန်းထဲမှာတော့ ပက်လက်ဖြစ်နေတဲ့၊ပါးစပ်ဟောင်းလောင်းပွင့်အာနေတဲ့ လူမမာအဖိုးအိုတစ်ဦး..။

နောက်ပြီး ................

"အိုဆရာနော်..သူများကကိုယ့်ဆရာမို့....ကိုယ်နောက်တာ..။ဆရာကမကြိုက်လဲ နောက်ဘယ်တော့မှ မနောက်တော့ဘူး။ဘ၀ပဲ ဘ၀ပဲ...သိလား ဘ၀ပဲဆိုတာ ဘာပြောတာလဲကိုရော...ဘ၀နဲ့ချီပြီးမှတ်တယ်လို့ ပြောချင်တာ။"

ပါးစပ်ထဲကို ယင်ကောင်ဝင်ဥတော့မယ့်...လူမမာကရော ဘ၀တစ်ခုကူးတော့လေမလား..။တစ်နေ့ကို သုံးလေးသောင်းနီးပါး အခကြေးငွေယူတဲ့ ဆေးခန်းကြီးတွေရဲ့ သူနာပြုဆရာမလေး နဲ့ တာဝန်ကျဆရာဝန်ဆီက ကြားရတဲ့အသံတွေရယ်......။


***************************************

ကမာရွတ်လှည်းတန်းလမ်းမဟာ အရင်ကနဲ့မတူတော့ဘူး။မြန်မာပြည်နဲ့ဝေးနေတဲ့သူတွေ ခုနေခါပြန်လာမိရင်...
ဟင် ..ဒါလားဟဲ့ လှည်းတန်းဆိုပြီး...တမော့တမော.....နဲ့...ငေးရင်းမောရင်း သတိကြီးစွာနဲ့ လမ်းလျှောက်တတ်ပါမှ
ဖြစ်မယ့်အထိ စည်ကားများပြားရှုပ်ထွေးပွေလီ လှပါတယ်..။

ရော်နာဒို၊မက်ဆီ၊အင်နီယေစတာစသဖြင့် သူတို့တွေဘောလုံးကစားကြတဲ့အခါမှာ ဘော်လုံးကို ဗယ်ဘက်ပဲ ထုတ်တော့မလို၊ညာဘက်ပဲထုတ်တော့မလို နဲ့ နောက်ဆုံးမှာ ဘော်လုံးကိုရှေ့ကိုအရင်ကန်ထုတ်တတ်တယ်။ ဒီလိုမှမဟုတ်လဲ ဘော်လုံးနောက်ကိုပဲ လိုက်တော့မလို အရင်ဆုံးကိုယ်ယောင်ပြတယ်။ပြီးကာမှ မလိုက်ပဲ ဘေးဘက်ကပွတ်ပြီးဆွဲတက်သွားတယ်..။အဲ့လိုမျိုးစတိုင်နဲ့ လမ်းလျှောက်တတ်ပါမှ...ကမာရွတ်လှည်းတန်းကို လာခဲ့လို့ရမယ်..။မဟုတ်ရင်တော့...ရေတစက်စက်ကျနေတဲ့ထီးတွေရဲ့ အစွန်းတွေနဲ့ ကိုယ့်မျက်လုံးထိုးမိကောင်း
ထိုးမိနိုင်တယ်။
ကိုယ်ကရှောင်နေရဲ့သားနဲ့ ဘုန်း...အင့်ဆိုပြီး တစ်ကိုယ်လုံးနီးပါးနဲ့ ၀င်ဆောင့်တာမျိုးလဲ ရှိတတ်တယ်။

ဆုတ်..ဆုတ်...ဆုတ်..။ပါကင်၊ပါကင်..ဟေး မြန်မြန်လျှောက်..ဒီမှာကားပါကင်....ဆိုတာမျိုးလေးတွေကလဲ နားဝင်ပီယံ...။

အဆိုးဆုံးကတော့ မြောက်ဥက္ကလာ-သိရိမင်္ဂလာဈေးသွားတဲ့ ၁၀၂ ဒိုင်နာနဲ့ မှော်ဘီ၊ပဲခူး၊တိုက်ကြီး-သိရိမင်္ဂလာဈေးသွားတဲ့ ဟိုင်းလက်စ်ကားလေးတွေပါ..။ကျောချမ်းတယ်ဆိုတာ ဘယ်လိုအချိန်မျိုးကို ခေါ်တာလဲ့ မသိပါ။ကမာရွတ်လှည်းတန်းလမ်းမပေါ်မှာတော့ တကယ်ကျောချမ်းစရာကောင်းပါတယ်။

ကားတိုက်ခံရမလိုဖြစ်ဦးမလား။အင်အားကြီးနဲ့ အင်အားငယ်..လမ်းပေါ်ကလမ်းလျှောက်သူတွေသာ အမနာပ အဆဲအဆိုခံရမယ်။ဘုကြည့်ပြန်မကြည့်မိပါစေနဲ့...။ကားပေါ်က ကားဆရာရော၊ကားနောက်လိုက်ပါ သံချောင်းကိုင်ပြီး ဆင်းလာပါလိမ့်မယ်..။သည်းခံခြင်းသည်သာ ကိုယ့်လက်နှက်၊ကိုယ့်ပိုင်ဆိုင်မှု.....။

ထို့အပြင်...ကျွန်ုပ်တို့ ဘာများတတ်နိုင်လိမ့်မည်နည်း...။

11 Responses to “ဒီနေ့မြင်သမျှ.... ဒီနေ့ကြားသမျှ..ဒီနေ့တွေးမိသမျှ”

ဟားဟား...ကျင်လည်နေကျနေရာတွေပေမယ့် ငါ့ညီမရေးလိုက်တော့ ပြန်လျှောက်ချင်လာပြီ....
လူတွေဘယ်လောက် လမ်းဘေးဆိုင်တွေဘယ်လောက် ကြပ်ကြပ် တိုးရင်း တိုက်ရင်း ငေးရင်း လျှောက်ရတာ အရသာပါပဲလေ...။
ဒါတွေ ဝေးမှ သိမယ်နော်....။

Anonymous said...

ငါ့ညီမရေ...u.s မှာတော့ ကားသမားတွေက လူတွေကို ဦးစားပေးတယ်.. ဗမာပြည်မှာတော့ အဲဒီလိုမဟုတ်ဘူး ဆိုတာ သိပြီးပေမဲ့ အဲဒီလိုလမ်းတွေပေါ်မှာ ပြန်ပြီးလျှောက်ချင်နေသူပါ....ဒါပေမဲ့ အခုတော့ လျှောက်ဖို့ အားခဲနေဆဲပါ....တနေ့နေ့ပေါ့နော်....

အမ , mie nge

littlebrook said...

ဘာမန့်ရမှန်းကိုမသိတော့ပါဘူးဟာ မြင်ပဲမြင်တတ်လွန်း... ... ...
လှည်းတန်းတောင် မရောက်တာကြာပြီဟ

သည်းခံခြင်းသည် အောင်မြင်ရ၏တဲ့ ..
ဝူတန်းသွားပြီး ကိုယ်ဖော့သိုင်းသွားသင်မယ် ..
ဒါဆို ဖွတ်ဖွတ်ဖွတ်နဲ့ လိုရာရောက်နိုင်မယ် ..
ဘတ်စ်ကားလည်း တိုးစီးစရာမလိုတော့ဘူး .. :D

Maung Myo said...

ခေတ်ပြိုင် ရန်ကုန်သတင်းပေါ့ဝေ့ သူငယ်ချင်းရေ့ ဖတ်ရတာကောင်းတယ် ငါလည်းလျှောက်ချင်စမ်းပါဘိး)

ညီမရေ...

အရင်ကနဲ့ မတူတဲ့ လှည်းတန်းကို
သန်းတိုးအောင် ၊ အောင်ကျော်ကျော် စတိုင်နဲ့
တခေါက်လောက် ပြန်ပြီး ရောက်ဖူးချင်သား...။

ပြီးတော့ နာမည်ကြီးတဲ့ လှည်းတန်း မီးပွိုင့်ကိုလည်း
အငှားကားစီးပြီး ဖြတ်ကျော်ရင်းနဲ့ပေါ့ ... :D...။


နော်မန် (88)

Andy said...

မျက်မှန်တပ်ထားပေလို့ပေါ့။ မြင်တတ်လိုက်တာ။ မျက်မှန်အကောင်းစားထင်တယ် ခဏလောက်ငှား။

မွန် said...

ရမ်းကားတယ်လို့လဲ အပြစ်မဆင်ရက်တော့ပါ သူတို့တွေရဲ့ စိတ်ထဲရင်ထဲမှာ အပူတွေများပြီး ကြမ်းတမ်းခက်ထန်နေကြပြီလားမသိ လိုအပ်ချက်တွေမပြည့်လို့ သည်းခံစိတ်တွေနည်းပါးနေကြတဲ့ အဲဒီမြို့ကြီးနဲ့ အဲဒီလူသားတွေ မြင်ရသလောက် တင်ပြတတ်တဲ့ ကြေးမုံကို လေးစားလျက်

ကြားဖူးမြင်ဖူးတွေ့ဖူးတာတွေကို အကိုလည်းလာပြီးလေ့လာသွားတယ်..ကျောချမ်းစရာတယ်ကောင်းသကိုးညီမလေးရေ

အမရေ
ဘယ်လောက်ပဲကျပ်ကျပ်အခုပြန်လျှောက်ရတာ အရသာပဲ။ :P

mirror said...

လာလည်ပြီး ချီးမြှင့်သွားကြတဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါ။ကျေးဇူးလဲ အထူးတင်ကြောင်းပါ..

ကိုလင်းဒီပ..မဝေးသေးတော့ မသိသေးဘူးဖြစ်နေတယ်ထင်ပါ့အစ်ကိုရေ့...။
ဝေးတော့မယ့် လွမ်းရင်လွမ်းရ၊ခုမခံစားနိုင်တာတော့ တကယ်ပါ..။

အစ်မမီးငယ်
လာလည်ပြီး စာရေးခဲ့တာကျေးဇူးပါ။နောက်လဲလာလည်ဖို့ ဖိတ်ခေါ်ပါရစေ။

ကိုစိုင်းရေ..လှည့်လာခဲ့ဦးလေ။မကျည်းဖျော်ရည်တိုက်ပါ့မယ်။

မမိုးခါး..နောက်တတ်ပါ့..။လာခဲ့လေ..တူတူသွားကြမယ်
:)

ပြာသိုကြီးရေ..ဖိတ်ခေါ်လျက်ပါ..။ရောက်လာရင်သာ တခြားတွေပဲသွားမနေနဲ့... :)

ဆရာနော်မန်ရေ့...မြန်မာပြည်တွင်းဖြစ် ဘောလုံးသမားပဲ စိတ်ဝင်စားတယ်ပေါ့ ..အဲ့လိုလား
ဟဲဟဲ :)
လှည်းတန်းမီးပွိုင့်ကို အငှားကားစီးပြီးမဖြတ်ကြဘူးလေ။တို့မောင်နှမတွေ အားလုံး လက်ချင်းချိတ်ပြီး ဖြတ်ကြမယ်..။

အန်ဒီကောင်ရေ့..တစ်ရက်ဘယ်လောက်ပေးမှာလဲ
ဒီမျက်မှန်က ကိုယ့်အသက်ကွ..ဈေးကြီးပေးမှ ဖြစ်မယ်..။

မွန်..ရေ့..မွန်ပြောတာမှန်ပါတယ်..။
အဆင်မပြေတာတွေ များလွန်းတဲ့အခါမှာ လူတွေဟာလူစိတ်တွေပျောက်၊ပျောက်လာတတ်ကြတာပါပဲ..။

အစ်ကိုကြီးဆောင်း..မတွေ့တာတောင် အတော်ကြာပြီ။လာလည်တာကျေးဇူးပါ။အဆင်ပြေပါစေ။

မေ့သမီး...အခုပြန်လျှောက်နေတာလား။
အိုး..ဖုန်းလေးတစ်ချက်တောင်မဆက်ဘူး။တူတူလျှောက်ပြီး
ကျောချမ်းရအောင်လေ..။