Thursday, March 19, 2009

Internet Cafe'

ကျမဖွင့်ရက်သားဖြစ်နေတဲ့ မြေခွေးမီးလျှံထဲမှာ............စာမျက်နှာပေါင်းက မြောက်မြားစွာရှိနေပါတယ်။ ကျမရဲ့စာမျက်နှာ၊ကိုအောင်သာငယ်၊မကေ၊နန်းညီ၊ကိုကွီနိုင်း၊မောင်မျိုး.....နောက်တော့ ဦးဂင်၊ကိုငြိမ်းစု စသည်..
ကျမမှတ်မိသလောက်ပါ.........။အဲ့ဒိဘလောဂ့်စာမျက်နှာတွေက သေနေသလိုရပ်တန့်သွားတော့ ဆိုင်ဝန်ထမ်း
အစ်ကိုကြီးကို ကျမလှမ်းခေါ်လိုက်ပါတယ်..။လက်ဘက်ရည်ဆိုင်မှာ ခေါ်သလိုခေါ်မိလို့တောင် "ဟဲ့" ဆိုပြီး
ကျမသူငယ်ချင်းက ကျမကို လှမ်းအော်နေသေးတယ်..။နောက်ပြီးတော့ "အနားသွားပြောလိုက်လေ.." တဲ့....။
ကျမသွားခေါ်လိုက်တယ်...။ချက်ချင်းလိုက်မလာသေးပေမယ့် နောက်ထပ် ၃ မိနစ်လောက်အကြာမှာ ကျမစက် နားဆီကို သူရောက်လာပါတယ်။

"ဟုတ်ကဲ့ ဖရီးဒမ်းလေး ဖွင့်ပေးလို့ရမလား အစ်ကို "...
"အော်.ကျနော်တို့က ဖရီးဒမ်းမသုံးဘူးဗျ..ယူ သုံးကြည့်ပါလား.."
"အော် ဟုတ်လား ယူရှိတယ်လား..အင်း..အဲ့ဒါဆိုလဲ အဲ့ဒါလေး desktop ပေါ်တင်ပေးခဲ့ပါလား.."
" ဟုတ်ကဲ့ ဟုတ်ကဲ့"
ကံကောင်းထောက်မစွာပဲ ယူကပွင့်သွားတယ်။ဖွင့်ရက်သား ကျမရှေ့ကစာမျက်နှာတွေ ပြန်လည်အသက်ဝင် သွားတယ်..။
" ကျေးဇူး အစ်ကိုကြီး...."

နောက်ထပ် ၁၅ မိနစ်လောက်နေတော့ ကျမဘေးက စက်ဆီကို မိန်းကလေးတစ်ယောက်ရောက်လာတယ်.။
သူ့ကို ဆိုင်ဝန်ထမ်းအစ်ကိုက စက်နားဆီ လိုက်ပို့ပေးတယ်.....။

"အဲ့ဒိမှာ နံပါတယ်..၁၈ ..အေးအေး အဲ့ဒိမှာ...လုပ်မတတ်တာ ရှိရင် အနားက အစ်မကြီးတွေကိုမေး သိလား."တဲ့
ကျမ တစ်ချက်မော့ကြည့်မိလိုက်တယ်..။ဒီအစ်ကိုက ဘာကြောင့်..(ဒီခေတ်စကားနဲ့ဆို ဘာအထာနဲ့)ဒီစကားကို
ပြောလိုက်တာလဲ...ငါလဲ သူ့ကိုကောင်းကောင်းမွန်မွန်ပြောဆို ခဲ့တာပဲ။ငါ့ကို မေးဆိုရအောင် ငါတောင် ယူဘယ်လိုဖွင့်ရမယ်မှန်းမသိလို့ သူ့ခေါ်ပြီး မေးခဲ့ရသေးတာပဲ...။
စုတ်ထိုးပြီးတော့ ခေါ်လိုက်မိလို့လား...မဟုတ်ဘူး ။စုတ်ထိုးခေါ်တာကို သူမကြားလိုက်လို့တောင် ငါကိုယ်တိုင်
သွားခေါ်လိုက်ရသေးတာပဲ...။ဒါမှ မဟုတ်ငါ့ပုံစံကများ သူနောက်ပြောင်ချင်စရာ ပုံစံပေါက်နေရော့သလား...
ကဲပါလေ...ထားလိုက်ပါတော့..။စာဖတ်ရတာ အရသာပျက်ပါတယ်..ဆိုပြီး စိတ်ကိုစာမျက်နှာတွေပေါ် ပြန်ခေါ် လာခဲ့တယ်......။

ကျမတို့ အဲ့ဒိဆိုင်ကို သွားတာ သူငယ်ချင်းသုံးယောက်ပါ..။၂ ယောက်က တစ်ခုံကျော်စီထိုင်ကြရပြီး ကျန်တဲ့ တစ်ယောက်က ဆာဗာနားမှာပါ၊ဆာဗာကွန်ပြူတာနဲ့ဆိုရင် တစ်ခုံခြားမှာသုံးနေတယ်..။စောစောက အစ်ကိုထွက်သွားပြီး ခဏမှာပဲ သူကလှမ်းပြောတယ်
"ဟဲ့ နင်တို့စက်နံပါတ်..ဘယ်လောက်....? "
"ငါက ၁၇........က ၁၉ "
ဆိုတော့
"အေး...ဒီမှာ ပြောနေတယ်..၁၇ ၁၉က အကြီးကြီးတွေဗျား...
နိုင်ငံရေးဆိုဒ်တွေကြည့်နေတယ်..လို့ပြောနေကြတယ်..ကြည့်လဲ လုပ်ကြဦးနော်.."
ကျမ စိတ်လွတ်ကိုယ်လွတ် ....ဆဲရေးတိုင်းထွာပစ်လိုက်မိတယ်..။
ဘေးတစ်ယောက်ကျော်ကိုလဲလှမ်းပြီးပြောလိုက်တယ်.။သြော်..ဒါကြောင့် စောစောက ဟိုကောင်မလေးကို ဒီလိုပြောသွားတာကိုးလို့ လဲ သဘောပေါက်သွားတယ်..။

သေချာတွေးကြည့်လိုက်ရင်တော့ အင်..ဘာမှလဲမဆိုင်ဘူး...လို့ပြောကြမှာ.ဒါပေမယ့် အဲ့ဒါတကယ်ပါ..။
ကျမကြည့်နေတဲ့ ဆိုဒ်တွေက ဘာတွေလဲဆိုတာနဲ့ ဟိုကောင်မလေးကို ဒီလိုပြောတာနဲ့က ပြောကြကြေးဆိုရင် ဘာမှမသက်ဆိုင်တဲ့ ကိစ္စတစ်ခုလို့ ထင်စရာအကြောင်းရှိပါတယ်..။ဒါမယ့်သူတို့အတွက်တော့ သိပ်ကို သက်ဆိုင်ပါတယ်........။သူတို့စိတ်ထဲမှာ....ဒီကိစ္စဟာ ထူးဆန်းနေပါတယ်..။Blogspot က ထူးဆန်းနေပါတယ်...။ ချက်တင်း နဲ့ မတူ၊ညစ်ညမ်းစာ၊ညစ်ညမ်းဗွီဒီယိုနဲ့ မတူ၊ကွဲပြားနေပါတယ်..။

"နိုင်ငံရေးဝက်ဆိုဒ်များ ကြည့်ရှုခြင်းသည်းခံပါ.." "နိုင်ငံရေးဝက်ဆိုဒ်များ ကြည့်ရှုခြင်းအား လေးနက်စွာတားမြစ်သည် "" နိုင်ငံရေးဝက်ဆိုဒ်များ လုံးဝ(လုံးဝ)မကြည့်ရ........."။" လုံးဝ"ကို နှစ်ခါတောင် "၀"ထားပါသေးတော့ ပိုတင်းကြပ်ထားပါတယ်လို့ ဆိုလိုချင်တာလား...။
သို့ကလိုလူတွေ လက်ခံထား၊နားလည်ထားတဲ့ နိုင်ငံရေးဆိုဒ်ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်တာလဲ ဆိုတာ ကျမသိချင်လှပါတယ်။ညစ်ညမ်းဝက်ဆိုဒ်များကြည့်ရှုခြင်းသည်းခံပါ ဆိုတာမျိုးကိုတော့ တစ်ချို့တစ်လေမှာ တွေ့ရတတ်တယ်..။အများစုမှာ မတွေ့ရတတ်ပါဘူး..။ဒီအတွက်တော့တရားဝင်စာကပ်ပြီးတားမြစ်ဖို့လဲ စိတ်မ၀င်စားဘူးထင်ရဲ့..........။

ဒါဟာတကယ်ကိုတွေးချင်စရာကိစ္စပါ..။နီးရာဓားကို ကြောက်တာကိုကျမလက်ခံပါတယ်။သို့သော်..
ဆင်ခြင်တုံတရားလေးကပ်ရင်တော့ ပိုပြီး ပြောရ၊ဆိုရ၊နေရ ထိုင်ရတာ အဆင်ပြေလာမယ်ထင်ပါတယ်..။ နားလည်မှုလေးတွေနဲ့ အလုပ်လုပ်ကြတာ...ပိုအဆင်ပြေမယ်ထင်တယ်လေ။ဆိုင်ဝန်ထမ်းအစ်ကိုရဲ့ အခြေအနေ ကို ကျမနားလည်ပါတယ်...။သို့သော် တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ စိတ်တွေ၊ခံယူယုံကြည်ချက်တွေ
မပြောင်းလဲနိုင်သေးသရွေ့ဘာမှပြောင်းလဲလာမှာ မဟုတ်သေးဘူးလို့ တွေးမိလို့ပါ........။

ဟိုတစ်လောက ဗမာပြည်အပြင်ဘက်က အစ်ကိုတစ်ယောက်က အထဲက အင်တာနက်ကဖေးတွေရဲ့ အခြေအနေကို မေးဖူးတယ်..။အဆင်ပြေချောမွေ့မှု၊လုံခြုံမှု နဲ့ပတ်ဝန်းကျင်အခင်းအကျင်း...စသဖြင့်...။

အဆင်ပြေချောမွေ့မှု ဆိုတာကို ကျမသိပ်နားမလည်ပါဘူး။အဆင်ပြေချောမွေ့မှုဆိုတာ ဘာကိုခေါ်ပါသလဲ..။
တစ်ခါမှ မကြုံဖူးတဲ့အတွက် အဲ့ဒိမေးခွန်းကို မသိဘူး လို့ တိုတိုပြတ်ပြတ်ဖြေခဲ့ဖူးတယ်..။
နောက်ထပ်တစ်ခု"လုံခြုံမှု..."ပရိုင်ဗေစီလား..အဲ့ဒိစကားလုံးကိုကျမပတ်ဝန်းကျင်ထဲဆွဲခေါ်လာဖို့....
အဆင်သင့်မဖြစ်သေးဘူးထင်တာပဲ........။
နောက်ဆုံးတစ်ခု ပတ်ဝန်းကျင် အခင်းအကျင်းလား.....အမျိုးအစားအစုံအလင်ရှိပါတယ်........။၂ ယောက်တွဲမှ အင်တာနက်သုံးတတ်တဲ့ ဒူးတနန့်နန့်နဲ့ အမျိုးသားကြီးတွေ၊အော်ဟစ်ဆဲဆိုနေတဲ့ ကစားနေသူတွေ..။ "မောင်လားဟင်..အာ အဲ့ဒိချစ်တယ်ကို ဘယ်နှစ်ခါပြောရမှာလဲ...ချစ်တယ် ချစ်တယ် ချစ်တယ်.."
"ကမ္ဘာပျက်တောင် မမုန်းဘူး..သိလား..."စသဖြင့် စသဖြင့်...။

တစ်ချို့ဆိုင်တွေ သိပ်ကိုစေတနာကောင်းပါတယ်..။ပွင့်လင်းလွတ်လပ်မှုရှိတယ်...။ကြိုက်တာကို မေးပိုင်ခွင့်၊တောင်းဆိုပိုင်ခွင့်တွေရှိပါတယ်..။
တစ်ခုခုကို (ဥပမာ ယူရှိလား၊ဖရီးဒမ်းရလား၊ဖရီးဂိတ်ရလား)မေးလိုက်လို့ဘာလုပ်ဖို့လဲ....၊ဘာဆိုဒ်ကြည့်မလို့လဲ လို့အမေးမခံရတဲ့....၊လူငယ်တွေကိုနည်းပညာနဲ့ပတ်သက်လို့ နောက်မကျစေချင်တဲ့ စိတ်စေတနာနဲ့ လုပ်ပေးထားတဲ့ ဆိုင်တွေရှိပါတယ်။ကြိုက်တာမေးပါ..ကိုယ်မသိတာတွေကို မျှဝေပါတယ်...။ သေချာနားလည်သွားအောင် ရှင်းပြပေးပါတယ်...။သူတို့ဆိုင်မဟုတ်တဲ့ တခြားဆိုင်မှာသုံးရင်တောင် ဘယ်လိုနည်းနဲ့ ကျော်နိုင်ခွနိုင်မလဲ ဆိုတာကိုမျှဝေပေးတတ်ကြပါတယ်..။
သိပ်ကို ကျေးဇူးတင်ရပါတယ်...။ကျေနပ်ရပါတယ်။
ကျေးဇူးတင်တာက ကိုယ့်ကိုအဆင်ပြေစေတဲ့အတွက်ပါ။
ကျေနပ်ရတာက ကိုယ့်တွင်မဟုတ်၊တခြားလူငယ်တွေကိုလဲ သူတို့ဒီလိုစေတနာထားတာ သိရလို့ပါ.....။ ဒါပေမယ့်...တချို့ပါ...။အလွန်နဲသော တစ်ချို့ပါ......။

ကဲ..အဲ့ဒိလောက်တောင် ဖြစ်နေရင် ဘာလို့သုံးနေသေးလဲ...မသုံးနဲ့ပေါ့လို့ ပြောခံရရုံပဲရှိပါတယ်...။ ဟုတ်ပါတယ်..ခံရဲပါတယ်...။။မသုံးပဲ မနေနိုင်လို့ပါ...။နောက်ပြီး.....
ဒီကိစ္စတွေကို စိတ်ကသိကအောက်ဖြစ်စရာလို့ ထင်မြင်သုံးသပ်တဲ့သူရယ်ဆိုရင် ...ကျမရယ်..နောက်ထပ် ကျမရယ် ဒါပဲ ရှိနိုင်မယ်ထင်ပါရဲ့လေ.....။

မှတ်ချက်...ဒီပိုစ့်ကို ဒီရက်ထဲမှာ ပိုစ့်မတင်နိုင်ရခြင်းရဲ့ အကြောင်းပြချက်တစ်ခုလို့ ကျမသတ်မှတ်ပါတယ်.....။
ယူ=ultraSurf
ဖရီးဒမ်း=freedom
ဖရီးဂိတ်=freegate

17 Responses to “Internet Cafe'”

Anonymous said...

အယ်...နိုင်ငံရေးဆိုဒ်တွေကြည့်နေတယ်ဆိုတော့ လူအထင်ကြီးသွားတာပေါ့ ဟဟား အထင်ကြီးတာက အရေးမကြီး အဲ့လိုဆိုင်က လူတွေကလည်း ဂစ်ဂစ်တွေပါလား ငါတို့လိုဘလော့တွေကိုမှ နိုင်ငံရေး ဘလော့ဆိုရင်လည်း နင် ဘာဆိုဒ်မှကြည့်လို့ရတော့မှာမဟုတ်ဘူးး ။ ဥပဒေ ဆိုတော့လည်း သူတို့တွေကြောက်ရမှာပေါ့လေ သူတို့ကိုအပြစ်မတင်ချင်တော့ အဖိုးကြီးကိုပဲ မေတ္တာပို့တော့မယ်း) ရွှေပြည်ကြီးမှာနေတော့ ပညာတိုးတာပေါ့ သယ်ရင်းရာ ငါဆို ကျော်တာခွတာတွေ ဘာမှမတတ် သူများလုပ်ပေးတာပဲ ထိုင်ကြည့်နေလိုက်တော့တယ် ။

MANORHARY said...

ရောက်လာပြီးအတွေးလေးတွေဖတ်သွားပါတယ်

Welcome said...

ဆိုင်တွေမှိုလိုပေါက်နေတာ သယ်ချင်းရာ
ဆက်ဆံရေးကျဲတော့ နောက်ဆိုင်ပြောင်းတာပေါ့ ..
ပိုက်၂ပေးရတာချင်းအတူတူ အဆင်ပြေတဲ့နေရာ အများကြီးရှိပါတယ်။

emayarKhin said...

နောင်အခါတွေမှာ..Internet cafe ဆိုင်ကောင်း
ကာင်းလေးမှာသုံးလို့ရနိုင်ပါစေ.....

မောင်မျိုးပြောသလိုပဲ .. ပညာတိုးပါတယ် .. ယူတတ်ရင်ရပါတယ် .. :D

ညီမရေ..စိတ်မကောင်းပါ...

ဒီလိုပါပဲ..ကောင်းတဲ့ဆိုင်သာ ရှာသုံးပေါ့လေ..

ဘာပဲဖြစ်ဖြစ် ကျော်တတ်ခွတတ်တဲ့နေရာမှာတော့ ညီမတို့က ဆရာကျနေပြီလို့ပြောရမယ်..

အခက်အခဲများရင် အရောင်အသွေး ပိုတောက်ပြောင်တယ်လို့ပဲ စကားလက်ဆောင်ပါးပါရစေ...

ငါ့ညီမ အရာရာ အဆင်ပြေပါစေ..

ATN said...

မောင်မျိုးပြောတာလည်း ဟုတ်သားပဲ ငါ့ညီမရဲ့ အကိုတို့ဆို ဘာမှ မသိဘူး

ဖတ်လို့ ရတာ ကို ကျေးဇူး အရ်ငတင်ရမယ် ထင်ရဲ့နော်
ပြီးခဲ့တဲ့ နှစ်က ရန်ကုန်ရောက်တော့ .. Internet cafe ထျွှဲာ ပဲ ပြူးတူးပြဲတဲ အကြည့်ခံ ခဲံရဖူးတယ်... ဟိုတယ်တွေ ထဲမှာတော့ ကြာ့်လို့ ရသား..

အင်တာနက် ကဖေး ဆိုင်တွေရဲ့ သိကောင်းစရာများ သိခွင့် ရတဲ့အတွက် ကျေးဇူးပါ။

ဘေးရန် အန္တရာယ်အပေါင်း ကင်းဝေးပါစေ။
အရာရာ အဆင်ပြေပါစေ။

Anonymous said...

ငါနဲ့မင်းက ဘ၀တူ.. ရင်ခုန်ဘက်လူ. ..
(ဟန်ထွန်းသီချင်းပါ.. ဘာရယ်မဟုတ်)

Anonymous said...

“အင်တာနက်ပေါ်မှ မြန်မာလိုပေါ်သမျှသည် နိုင်ငံရေးဆိုဒ်ဖြစ်၏...။”

နောက်တစ်ဆိုင်ပြောင်း။ ညီမဆို အဲလိုတစ်ခါဆိုအဲဒီဆိုင် မျိုးလုံးဝမသွားတော့ဘူး။ ဒါပေမယ့် အဲလိုဆိုင်မျိုးက များနေရင်တော့.....။ ဟင်း။ သက်ပြင်းပဲချသွားတော့တယ်။

pandora said...

အကြပ်အတည်းတွေကို ရင်မောမိပါတယ် ညီမရေ

Nyein Chan Aung said...

မကြာသေးခင်က သတင်းတစ်ခုကြားတာ ရန်ကုန်ရဲတွေ အင်တာနက်ဆိုင်တွေရှေ့ ကားနဲ့ အပြင်းရောက်လာ၊ ဆိုင်ထဲအတင်းဝင်၊ အင်တာနက်သုံးတဲ့ သူတွေကို လုံးဝမလူပ်ရှားခိုင်းပဲ၊ နိုင်ငံခြားနဲ့ ဂျီတော့ မှာ စကားပြောနေတာပဲဖြစ်ဖြစ်၊ နိုင်ငံရေးစာမျက်နှာတွေ ဖတ်နေတာပဲ ဖြစ်ဖြစ်၊ တွေ့ရင် အရေးယူဖို့ လုပ်တယ်တောင် ကြားတယ်။ မလွယ်ဘူးညီမရေ..

Mirror said...

မောင်မျိုး၊ကိုအောင်သာငယ်..မိုးခါး..အဲ့လိုတော့လဲ အဲ့လိုပေါ့လေ..ကျော်ခြင်းခွခြင်း ၀ိဇ္ဖာပေါ့ဗျာ..။
အကောင်းဘက်ကကြည့်ပြီး အားပေးသွားတဲ့အတွက် တစ်ယောက်ထဲပြုံးရင်း ကျေးဇူးတင်ရပါတယ်..။

အစ်မ မနော် ကျေးဇူးအထူးတင်ကြောင်းပါ..။

ကိုဝင်းဇော်..ပြောင်းရတာတွေများလွန်းလို့ ဒီပိုစ့်ရေးဖြစ်တာပါ..။ဟုတ်တော့လဲ ဟုတ်ပါတယ်လေ...ခုတော့လဲ အစ်ကို့အကြံအတိုင်း ဆက်ပြောင်းရုံပေါ့..:)

အမရာရေ့..ဆုတောင်းပေးလို့ ကျေးဇူးပါ..။

အစ်ကိုလင်းဒီပရေ့..စကားလက်ဆောင်ကြောင့် အားတက်ရပါတယ်..၊ခုတော့လဲ အဲ့လိုပဲတွေးရမှာပေါ့...:)

မမသီရိရေ့...လာလည်ပြီးမန့်သွားတာ ကျေးဇူးပါ။
ပြန်လိုက်လာုဖို့ကာ မရသေးဘူး။

သယ်ရင်းနော်မန်...ခင်ဗျားရောအဆင်ပြေရဲ့လား..
လိုအပ်ရင် ကူမယ်လေ..:P

ညီ..:)

အောင်ဒီကန်..မှန်လိုက်လေ...)))))

မေ့သမီး...း))

မကြီးပန်..စာလာဖတ်တဲ့အတွက် ၀မ်းသာမိပါတယ်.

ကိုငြိမ်းချမ်းရေ့...ကြားလိုက်မိပါတယ် အဲ့ဒါကို..။
မလွယ်တာတော့..မလွယ်ဘူး..:)

ဒီပိုစ့်ဟာ.ကျမရေးနေကျ ညည်းခြင်းတစ်မျိုးပါပဲ..။
ဒါကိုသည်းခံပြီး လာဖတ်ကြတဲ့ ကျမရဲ့ ချစ်လှစွာသော အစ်ကို၊အစ်မ၊မောင်လေး၊ညီမလေးများကို ကျေးဇူးအထူးတင်ပါတယ်..။

အားလုံးကို လေးစားခင်မင်လျက်

Anonymous said...

အင်း...
ကျော်ရင်းခွရင်း ပြေးခုန်ပစ်ပြိုင်ပွဲတွေ ဘာတွေတောင် ၀င်ပြိုင်လို့ရနေပြီ။
အို..ဘာပဲဖြစ်ဖြစ် ကြွေးကြော်စရာ တစ်ခုရတာပေါ့။
ဘာတဲ့..
"မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်" ဆိုလား။

Anonymous said...

toronto loans This website is a great I loved it hugely
AAA Toronto Payday Loans 1172 Bay St #101, Toronto, ON M5S 2B4 (416) 477-2817