Tuesday, March 03, 2009

သူ့ ဘေးနားက ဘ၀များ

ကြေးအိုးဆိုင်မှာ ဖြစ်ပါသည်။သူနဲ့ သူ့သူငယ်ချင်း၂ယောက်နဲ့ကြေးအိုးသောက်ရင်းစကားဖောင်ဖွဲ့နေကြမိသည်။
ခဏနေတော့တစ်ဖက်စားပွဲဆီက ကျယ်ကျယ်လောင်လောင်အသံတွေ ထွက်လာသည်။လှည့်ကြည့်လိုက်တော့ အသားဖြူဖြူဗိုက်ရွှဲရွှဲလူကြီးတစ်ယောက်နဲ့ စားပွဲထိုးလူငယ်လေးနဲ့ ပြဿနာ ဖြစ်နေကြတာ..။ ပြဿနာဆိုတာထက် ဗိုက်ရွှဲရွှဲလူကြီးရစ်သမျှ လူငယ်လေးက ခေါင်းလေးငုံ့လို့ ခံနေရတာဖြစ်သည်။

သူတို့လဲ သတိလက်လွတ်ငေးကြည့်နေမိသည်။လူကြီးက ဟန်းဖုန်းကို မာန်ပါပါနဲ့ ပြောနေသည်။ဟန်းဖုန်း ပြောရင်းကပဲ သူစားပြီးသမျှ ပိုက်ဆံရှင်းနေရင်းကမှ လန်ဒန်တစ်လိပ်ဆိုလား၊တစ်ပွဲဆိုလား မှာနေသည်။ စားပွဲထိုးကောင်လေးက သူဘာဖြစ်ချင်တာလဲမရှင်းလို့ ခဏရပ်ပြီး သူဖုန်းပြောပြီးတဲ့အထိ ဘေးနားမှာ ရို့ရို့လေးရပ်ပြီး စောင့်နေသည်။အဲ့ဒါကို ဘယ်ကဘယ်လို စိတ်ကထဖောက်သလဲ မသိပါ။ထအော်ထည့်လိုက်တာ ငယ်သံငယ်ရင်းပါတဲ့အထိ၊စားပွဲထိုးလေးကို အသားလွတ်ထဟောက်တာ ဖြစ်သည်။

သူတို့သူငယ်ချင်းသုံးယောက်လုံး မျက်လုံးလွှဲမိလိုက်ကြသည်။ဆက်လဲ မကြည့်ချင်တော့၊ဆက်လဲ မကြည့်ရက်တော့။ကောင်လေးက သူတို့နဲ့မှ ရွယ်တူရယ်..။သူရှက်နေမှာ သူတို့စိုးမိပါသည်။ဘယ်သူပဲဖြစ်ဖြစ်
ကိုယ်နဲ့ရွယ်တူတွေရှေ့မှာ အဆူခံ၊အဆဲခံရရင် အရှက်ကွဲသလို ခံစားရတတ်ပါသည်။ခုလို အခြေအမြစ်မရှိပဲ
အဆူခံ၊အဆဲခံနေရရင် ပိုဆိုးတော့မပေါ့.....။

နောက်တော့ ဘယ်လိုကိစ္စပြတ်သွားသလဲတော့ မသိပါ..။အသံတွေငြိမ်သွားပြီး ခဏနေတော့ ဗိုက်ရွှဲရွှဲလူကြီးက
သူတို့ စားပွဲဝိုင်းဘေးက ဖြတ်သွားရင်းသူတို့သုံးယောက်ကို ဘုကြည့်ကြည့်သွားသည်။သူလဲ ဘယ်ရမလဲ..
မိုက်ဂိုက်နဲ့ ပြန်ကြည့်ပေးလိုက်သည်။နောက်ပြီး အဲ့ဒိလူကြီးမျက်လုံးထဲက အရိပ်တစ်ခုကို မရရအောင် ဖမ်းလိုက်
နိုင်သည်။ဒီလူ ရှက်ရမ်းရမ်းသွားတာမှန်း သူသိလိုက်ပါသည်။သူ့ဘာသာသူ မဟုတ်တာ၊မတရားတာ လုပ်ပြီး သူ့လုပ်ရပ်ကိုလဲ ဘေးလူတွေကမြင်သွားတော့ သူ့လိပ်ပြာသူမလုံဖြစ်နေတာ....ခံပေါ့........၊
မဟုတ်တာ၊မတရားလုပ်နေတဲ့သူမှန်သမျှ ဒီလိုပဲခံရမှာပဲ...ပိုပြီးခံစားရမှာက အဲ့ဒိစားပွဲထိုးကောင်လေးလိုမျိုး ရိုးသားတဲ့လူတွေအပေါ်မှာမှ မဟုတ်တာလုပ်ရင် ပိုပြီးကိုယ့်လိပ်ပြာကိုယ်ရှက်ရမှာပဲ...........။
လူတစ်ယောက်ထဲဆိုလဲ ရှက်ရမှာပဲ..လူအဖွဲ့အစည်းနဲ့ဆိုလဲ ရှက်ရမှာပဲ.....ဒါလောကနိယာမ..။နှေးတာမြန်တာပဲ
ကွာလိမ့်မယ်.........သူ့စိတ်ထဲကစကားတွေကို ဘေးကသူငယ်ချင်း၂ ယောက်ကို ပြောပစ်လိုက်မိတယ်။

ဒီလိုလူမျိုးတွေက ပိုက်ဆံတွေ ရေလိုပေးပြီး စားရတဲ့စားသောက်ဆိုင်၊အရက်ဆိုင်တွေမှာ ပိုက်ဆံပေးပြီး
ပြောချင်ရာပြောလေ့၊ခိုင်းချင်သလို ခိုင်းလေ့ရှိတဲ့ အမူအကျင့်ကို ဒီလိုကြေးအိုးဆိုင်ရောက်တဲ့အထိ မဖျောက် နိုင်ကြဘူး။နေရာဒေသမှားပြီး ရောက်လာတယ်လို့ သူတွေးမိတယ်....။

ဒါမျိုး အဖြစ်အပျက်တွေ၊ဒီလိုမျိုး ကိုယ်တွင်းမာနကို အဆမတန်ချိုးနှိမ်ပြီး ငုံ့ခံနေရတဲ့ ဘ၀တွေ သူ့ဘေးနားမှာ များလှပြီ..။အမှန်တရားကို သိသိကြီးနဲ့ ခေါင်းငုံ့လည်စင်းခံနေရတဲ့ ဘ၀တွေနဲ့........ခေါင်းပေါ်တက်ပြီးမှ ခြေသုတ်ချင်တဲ့သူတွေနဲ့ပတ်သက်ရတဲ့ဘ၀တွေ...အဲ့လိုဘ၀တွေ သူတို့ဆီမှာ များလှပြီ....။

ဝက်သားဒုတ်ထိုးဆိုင်မှာ သူ့ချစ်သူရဲ့ဘလောက်စ်လှလှလေးပေါ်ကို ရေဖိတ်ကျလို့ ဆိုင်က စားပွဲထိုး ကလေးကို မင်းအနားမလာနဲ့တော့လို့ ရင့်ရင့်သီးသီးပြောလွတ်တာ...အစားအသောက်စားပြီးလို့ ပိုက်ဆံရှင်းခါနီးမှာ လုယက်ပြီး ရှင်းကြရင်းက ဘယ်သူ့ဆီကပိုက်ဆံကို ယူရမှန်းမသိဖြစ်နေတဲ့ စားပွဲထိုးကလေးတွေကို အော်ငေါက်ပစ်ကြတာ..............။
အဲ့ဒါမျိုးတွေကျတော့ ချစ်သူစုံတွဲတွေက လုပ်လေ့ရှိတယ်..တချို့သော စုံတွေတွေမှာ ချစ်စ၊ကြင်နာစမို့လားတော့ မသိဘူး။မိန်းကလေးကလဲ လိုအပ်တာထက် ပိုပြီးကဲပြ ၊သဲပြသလို ယောက်ျားလေးလုပ်သူကလဲ သူရဲကောင်းကြီး လုပ်ပြရ..နဲ့. .ကြားထဲက မြေဇာပင်အဖြစ် မလုပ်တတ်၊ မကိုင်တတ်တဲ့ ကလေးငယ်လေးတွေ........
ရှက်နေရုံ...ကြိတ်ပြီး ငိုကြွေးနေရုံကလွဲပြီး ဘာများတတ်နိုင်ပါ့မလဲ...။

ဒီပုံပြင်မှာ ဘယ်သူကမတရားတာလဲ.........တဲ့...သီချင်းတစ်ပုဒ်ကြားဖူးတယ်..။
အဲ့ဒိသီချင်းလေးပဲ သူညည်းနေမိတော့တယ်.....။

14 Responses to “သူ့ ဘေးနားက ဘ၀များ”

The Castle said...

ပို့စ်တစ်ခုလုံးအနေနဲ့တော့ ပြောစရာမရှိပါ.. အဖြစ်မှန်တွေပါပဲ.. အဲ့စုံတွဲတွေ ဆိုတာကိုလည်း အမြင်ကပ်နေတာ ကြာခဲ့ပါပြီ.. သို့သော် စားသောက်ဆိုင်တွေ ဘီယာဆိုင်တွေက စားပွဲထိုးတွေကျတော့ အအော်အငေါက်ခံလို့ဖြစ်တယ် ဆိုတဲ့သဘောများလား.. ကြေးအိုးဆိုင်မှာတော့ မရဘူးပေါ့.. ဂလိုလားဟင်

မကြေးမှုန်ပြောတာတွေ မှန်ပါတယ်။ လူတွေရဲ့ မာနတွေ၊ သူများဘက်က မကြည့်ပေးတတ်တာတွေကို တတ်နိုင်သမျှ မရှိစေချင်တော့ပါဘူး။

NangNyi said...

ဟုတ်ပါတယ် မှန်ပါတယ်.. အကုန်တော့မမှန်ပါဘူး.. စားပွဲထိုးတွေ မျက်နှာကြောတင်းလို့ အဆင်မပြေတာတွေလည်း ရှိတတ်တော့.. နောက်များမှ ရှည်ရှည်ဝေးဝေး ငြင်းခုန်ကြသေးတာပေါ့..

Anonymous said...

ဒါတွေက မကြာမကြာ မြင်နေကြားနေရတဲ့ ကိစ္စတွေပါပဲ မြင်ပါကြားပါများတော့ မြင်ကွင်းတွေကပဲ ၇ိုးသွားတာလည်း စိတ်တွေကပဲ ထုံသွားတာလား မသိတော့ဘူး။

အဲလိုလူတွေ အစ်ကိုလည်း လွှတ်မုန်းတာပေါ့..
အီးပေါလောသူရဲကောင်းကြီးတွေလေ..

MANORHARY said...

မြင်တာလေးတွေပြန်ပြောပြတော့
ကိုယ်လည်းတွေ့ဖူး မိုက်ကြည့် ကြည့်ခဲ့လိုက်ဖူးသည်ပဲ
ဒါပဲတတ်နိုင်တာကိုး...

လုံးဝထောက်ခံတယ်။ အရက်ဆိုင်ပဲဖြစ်ဖြစ်၊ ဘယ်ဆိုင်ပဲ ဖြစ်ဖြစ် သမာအာဇီဝလုပ်ကိုင်စားသောက်နေရတဲ့ လူတွေကို အသားလွတ်ကိုယ်က လာစားနိုင်တဲ့သူ ဆိုပြီး အနိုင်ကျင့်တာတော့မကြိုက်ဘူး။

ATN said...

အဲလိုလူတွေဟာ သေနတ်ပြောင်းမြင်ရင်တော့ အသံတသံမှ ထွက်မှာ မဟုတ်တာ အသေအချာပဲ...

pandora said...

ဟုတ်တယ် mirror ရေ
ဒီလိုလူမျိုးတွေ တွေ့ဖူးတယ်
အခုလို ပတ်ဝန်းကျင်က ဖြစ်လေ့ဖြစ်ထ ရှိတာလေးတွေရေးတာ ကောင်းတယ်။
ဆက်ဖတ်နေမှာပါ။

ကောင်းလိုက်တဲ့ အတွေး ..... ။

ရွဲ့စောင်းနေတဲ့ ပတ်ဝန်းကျင်အကြောင်းရေးထားတာ ပီပြင်တယ်ဗျ ။

ကိုယ့်စိတ်နဲ့ ကိုယ် မောဒယ်.. ဆိုတဲ့ပို့စ် ရယ်၊
ဒီပို့စ်ရယ် နှစ်ပုဒ်က တကယ်ပြောင်မြောက်တယ်ဗျ ။

emayarKhin said...

ဟုတ်တယ်ကြေးမုံရေ....
အဲဒီလူတွေကိုမုန်းမိပါရဲ့...

နိယာမမဟုတ်ပဲ တွေ့နေမြင်နေရတဲ့ နိယာမတွေပေါ့ ညီမလေးရေ...
ရှေ့တန်းရွာမှာ ဗိုလ်လုပ်သူက ရဲဘော်ကို အရက်ဝယ်ခိုင်းပြီး အရက်မရလို့ ရဲဘော်ကိုရော ရွာကိုပါဆဲဆိုကြိမ်းမောင်းပြီး သေနတ်ပါဖောက်တတ်တဲ့
လူတွေမျိုးကိုလည်း မြင်ခဲ့ဖူးပါတယ်...နိယာမမဟုတ်တဲ့
နိယာမတွေပေါ့လေ.......

Anonymous said...

ဟုတ်ပါတယ်။ နန့်ညီပြောသလိုပါပဲ။ တချို့စားပွဲထိုးတွေ အချိုးမပြေလို့ ကျနော်ဆိုခဏခဏ ပြဿနာတက်ပါတယ်။ နဂိုကစိတ်ဆတ်လို့လားတော့မသိ။

Anonymous said...

the castle၊ညီညီနဲ့ အန်ဒီ..ဂရုတစိုက်သေချာဖတ်ပြီး
မန့်ပေးသွားတာ ကျေးဇူးပါ။

စားပွဲထိုးတွေ အဆင်မပြေရင် အဆင်မပြေသလို ဆက်ဆံရုံပဲ ရှိပြီး၊အဆင်ပြေရင် အဆင်ပြေသလို ဆက်ဆံရုံပေါ့ မဟုတ်ဘူးလား။

ကိုယ့်ကိုယ်ကို ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းပုံစံဖမ်းထားပြီး၊
အရက်ကလေးနဲနဲဝင်တာနဲ့ ပြောချင်ရာပြောလုပ်ချင်ရာလုပ်လေ့ရှိတဲ့ ဗမာပြည်က လူကြီးလူကောင်းတွေအတွက်သာ ရည်ရွယ်ပြီးရေးဖြစ်ခဲ့တဲ့ပိုစ့်ဖြစ်ပါတယ်...။

ဒီနေရာမှာ ပြောစရာရှိတာက စာရေးသူ ကျမရဲ့ ဆိုလိုရင်းကိုထိရောက်ပေါ်လွင်အောင်မရေးနိုင်ခဲ့တဲ့
အားနည်းချက်ပါ။

အဲ့ဒိအတွက် စာလာဖတ်သူကို တစ်စုံတစ်ရာစိတ်အနှောက်အယှက်ဖြစ်စေခဲ့ရင်
စာရေးသူကပဲ အနူးအညွတ်တောင်းပန်ကြောင်းပါ...။

နွေးနေခြည်..:))

မောင်မျိုး...သယ်ရင်း..စိတ်ထုံ..အဲမျိုးထုံ..
(နောက်တာနော်၊စိတ်အဆိုးရ၀ူး)

ကိုလင်းဒီပ...မောင်နှတွေပဲ..တူတူပေါ့..။

အစ်မ မနော်၊ကိုယ်တွေဒါပဲ တတ်နိုင်သေးတယ်..။

မေ့သမီး...၀ါဒတစ်ခုရဲ့အောက်၊ပြားပြားဝပ်နေတော့လဲ
ဒီလိုပေါ့လေ...အကျင့်တွေပါကုန်တာ နေမပေါ့..။
လာမန့်တာ ကျေးဇူးပါ။

အစ်ကိုကြီးအောင်သာငယ်..၊အဲ့ဒါ တကယ့်အမှန်တရားပါ..။

မကြီးပန်..ကျေးဇူးနော။

ရှင်းသန့်..သိပ်မမြှောက်နဲ့...လက်ဘက်ရည်ကအစ်မ
တိုက်ရမယ့်အကျွေးပါ..:)

အမရာ..:) မန့်သွားတာကျေးဇူးပါ

ကိုကြီးဆောင်း...နိယာမမဟုတ်တဲ့ နိယာမတဲ့လား..အစ်ကိုကြီးဖြည့်စွက်တော့မှပဲ ပိုပြည့်စုံသွားတော့တယ်..။

အားလုံးကိုကျေးဇူးအထူးတင်ကြောင်းပါ..။