ဟိုးလွန်ခဲ့တဲ့၃နှစ်ကျော်ထဲက ရထားခဲ့တဲ့ဒီမျက်မှန်လေးက ဒီနှစ်ထဲမှာတော့ သူ့ကျန်းမာရေးက သိသိသာသာကို ချူချာလာပါတယ်။ အရိုးအဆစ်တွေက မသန်မာတော့ဘဲ လှုပ်လှီလှုပ်လှီနဲ့ အဘွားအိုတစ်ယောက် လို ဖြစ်လာရှာတယ်။ ဘယ်လောက်များ အိုမင်းမစွမ်းဖြစ်လာသလဲဆိုရင် တချို့အချိန်တွေမှာ သူရဲ့မှန်ကလေး က ဒေါက်ကနဲ၊ ဒေါက်ကနဲနဲ့ အောက်ကိုထိုးထိုးကျသွားတဲ့အထိ။ အဲ့သလိုတွေ သူ့ရဲ့အိုမင်းရင့်ရော်မှု လက္ခဏာတွေပြလို့သာ မကြေးမုံလဲ မျက်မှန်အဘွားအိုလေးကို သုံးနှစ်ထဲနဲ့ ပင်စင်ပေးဖို့ဆုံးဖြတ်ရပါတော့တယ်။
=======
ရောက်တာ ၂ နှစ်ကျော်ပြီဖြစ်ပေမယ့် ဒီမှာဈေးမ၀ယ်တတ်လှပါဘူး။ ဒါနဲ့ပဲ မျက်မှန်ဆိုင် မျက်မှန်ဆိုင်ဆိုပြီး အင်တာနက်မှာ ဟိုဒီရှာကြည့်ပါတယ်။ ဆိုင်တွေတော့ အများကြီးပါပဲ။ တစ်သက်လုံးက ဈေးဝယ်ဖို့၊ ဈေးပတ်ဖို့ဆို အင်မတန်စိတ်မရှည်တာမို့ ကိုယ်တတ်နိုင်တဲ့ဈေးနဲ့ တစ်နေရာထဲမှာ ပစ္စည်းလဲအစုံအလင်ရှိနိုင်မယ့်နေရာက ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ပါတယ်။ City Link ထဲကနေ Suntec city ဘက်ကိုလျှောက်ရင် Marina Square ဘက်ကို ဖက်တက်တဲ့စက်လှေခါးတွေရှိတဲ့အပေါက်နားက Optical 88 ဆိုတဲ့ဆိုင်မှာ လိုချင်တဲ့မျက်မှန်ရခဲ့တယ်ဆိုပါတော့။ အဲ့ဒီဆိုင်မတိုင်ခင်မှာ Raffles city အောက်ထဲမှာရှိတဲ့ ဆိုင်မှာလဲ တစ်ခေါက်ကြည့်လိုက်ပါသေးတယ်။ ခုပြောတဲ့ဆိုင်က ဒုတိယမြောက်ဆိုင်ပေါ့။ နာမည်က အတူတူပါပဲ။
Display ပြထားတဲ့ မျက်မှန်လေးတွေ အနည်းငယ်ကွာသွားတာပဲရှိပါတယ်။ ပထမဆိုင်မှာသဘောကျတယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြိတ်ပြီးမှတ်လာခဲ့တဲ့မျက်မှန်ကိုပဲ ဒုတိယဆိုင်မှာလဲ ထပ်မြင်ပြီး၊ ထပ်သဘောကျတာနဲ့ ဒါယူမယ်ဆိုပြီး ဖြစ်သွားပါတော့တယ်။ အမှန်တော့ ဈေးပတ်တာကို စိတ်မရှည်တာရယ်၊ ကိုယ့်ဖို့ဝယ်စရာရှိလို့ပတ်နေတာမျိုးဆို ပိုပြီးစိတ်မရှည်တာ၊ ဘေးက အဖော်လိုက်ပေးရသူတွေကို အားနာမိတာတွေရယ် ပေါင်းပြီး ခပ်မြန်မြန်ဆုံးဖြတ်ချက်ချပစ်လိုက်တာပါ။ ဒါက အခုလို ပြဿနာဖြစ်တော့မှ အကြောင်းပြချက်တွေ ဆွဲထုတ်စဉ်းစားနေမိတာပါ။ ၀ယ်ဖို့စဉ်းစားဆုံးဖြတ်နေစဉ်အချိန်မှာတုန်းကတော့ မကြေးမုံဟာ အဲ့ဒီမျက်မှန်မှ အဲ့ဒီမျက်မှန်ပါ။ တခြားဘယ်မျက်မှန်ကိုမှ မျက်လုံးထဲကို ထပ်ပြီးဝင်မလာတော့ပါဘူး။
မျက်စေ့ကို ဒီဂရီပြန်စမ်းပါတယ်။ ထူးဆန်းတာက စလုံးကိုရောက်ကတည်းက အားတဲ့အချိန်တိုင်းနီးပါးမှာ ကွန်ပြူတာနဲ့မျက်နှာကပ်နေခဲ့တဲ့ ကျမမျက်လုံးက အဝေးမှုန်တဲ့ဒီဂရီတွေကျသွားသတဲ့။ မဖြစ်နိုင်ဘူး။ ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သို့ပေမယ့် အစခေါင်ဆုံး စလုံးမှာပဲ မျက်မှန်လုပ်လိုက်ပါမယ်လေ လို့ ဆုံးဖြတ်လိုက်ထဲက ဒီက စစ်ဆေးတာတွေကို မယုံဘူး၊ ငါ့ရန်ကုန်က မေတ္တာဦး၊ ဒါမှမဟုတ်လဲ အမေရိကန်ဗွီးရှင်းကမှ မှန်တာပါ လို့
လှေနံဓားထစ်တွက်ထားခဲ့တဲ့ မကြေးမုံဟာ " ကဲ.. မှားရင်လဲ မှားပါစေတော့.. ငါမြင်နေရသေးရင် ပြီးတာပဲ" လို့ တွေးပြီး ဂျူတီကုတ်ဝတ်ထားတဲ့ကုလားလေးကို အင်မတန်ရစ်တတ်တဲ့ ကိုယ့်ရိုးရာကိုတောင်ဖျက်ပြီး ခပ်အေးအေးပဲ ပြန်လာခဲ့ပါတယ်။
ဒီနေရာမှာ တစ်ခုတော့တွေးမိပါသေးတယ်။ အဝေးမှုန်နဲ့ နှစ်ရှည်လများ မျက်မှန်တပ်ခဲ့ရတဲ့လူတွေဟာ အသက်အရွယ်ရလာတာနဲ့ ဗြုန်းဆို အနီးမှုန်ဖြစ်သွားတတ်တယ် ဆိုတာ စာတွေဘာတွေထဲလဲ ဖတ်ဖူးထားတာတစ်ကြောင်း၊ နောက်ပြီးတော့ကာ တစ်ခေါင်းလုံးရဲ့ ၃ ပုံ ၁ ပုံလောက်တောင်ရှိမလား မသိအောင် ဇရာတွေပြကာ ဖြူပြနေတဲ့ ဆံပင်ဖြူတွေကြောင့်တစ်ကြောင်းနဲ့... " ငါ အတော်များအိုလာလို့ အဝေးမှုန် ဒီဂရီတွေလျော့ပြီး အနီးများမှုန်ချင်သလား " ဆိုတဲ့ သံသယအတွေးပါ။ ကဲ..ထားပါဦးတော့လေ။
ဒီလိုနဲ့... သုံးရက်ကြာပြီးတဲ့နောက်.. မျက်မှန်အသစ်လေးကို သွားရွေးပါတယ်။ သူများတွေလုပ်သလိုပါပဲ။ တပ်ကြည့်တယ်။ အိုကေ။ စိုးရိမ်မိခဲ့တာက ဒီဂရီအပြောင်းအလဲကြောင့် ခေါင်းများမူးမလားလို့။ တကယ်ဖြစ်လာတာက အဲ့ဒီကျန်းမာသန်စွမ်းလှတဲ့ မျက်မှန်အသစ်လေးက ကျမမျက်နှာနဲ့ ကြပ်နေပြီးဘယ်လိုမှကို အဆင်မပြေတော့ပါဘူး။
အင်မတန်စေ့စပ်တဲ့ မကြေးမုံပါ။ ရွေးခဲ့စဉ်အခါတုန်းက မျက်မှန်ရဲ့ မှန် ၂ ချပ် + နှာဒေါက်နေရာကို အရင် မျက်မှန်အဘွားအိုလေးနဲ့ အတိုင်းအတာ အတူတူပဲရှိတဲ့ မျက်မှန်ကိုပဲ တမင်ရွေးဝယ်ခဲ့တာပါ။ စာလိုက်ဖတ်နေတဲ့လူက စိတ်မရှည်တော့ဘူး...လိုတိုရှင်းပြောဆိုရင်တော့ တံဆိပ်ကလွဲပြီး အကျယ်အ၀န်း နဲ့ ဒီဇိုင်း စတာတွေ အားလုံးအတူတူပါပဲ။ " လည်လွန်းတဲ့ဘီး ချီးသင့်တယ် " လို့ ကိုယ့်ကိုယ်ကိုမို့ မညှာမတာပြောရမလား မပြောတတ်ပါဘူး။ သေချာရွေးကာမှ သက်တောင့်သက်သာတစ်စက်လေးမှမရှိတဲ့ မျက်မှန်တစ်လက် လက်ထဲရောက်လာရသလိုပါပဲ။
နားရွက်ဆီမှာ သွားချိတ်ရတဲ့ မျက်မှန်ကိုင်းရဲ့ အဆုံးမှာ ဘုလုံးလေးတွေပါနေပါတယ်။ အဲ့ဒီဘုလုံးလေးက ဗယ်ဘက်နားအတွက် အထိအခိုက်မရှိပေမယ့် ခွဲစိတ်ထားတဲ့ အမာရွတ်ကြီးရှိနေတဲ့ ညာဘက်နား အတွက်တော့ တော်တော်လေးကိုနေရဆိုးတဲ့ နာကျင်မှုကိုပေးပါတယ်။ ဟိုးး အရိုးအထဲကနေပါ လှိုက်ပြီးနာသလို နာတာပါ။ ရှိစေဦးတော့နော်..။ ဒါတင်လားဆိုတော့မဟုတ်ပါဘူး။ မျက်မှန်အဘွားအိုလေးနဲ့ အကျယ်အ၀န်းအတူတူကို ရွေးခဲ့ရဲ့သားနဲ့ ဘယ်လိုကြောင့်သာ မဆိုနိုင်တယ်။ သူက နားထင်မှာကြပ်နေပါတယ်။ မျက်နှာကိုဘာမှမလိမ်းလို့များ အသားခြောက်တာနဲ့ ပွတ်မိသလားဆိုပြီး Cream တစ်မျိုးကို ကြိုးစားပြီး လိမ်းကြည့်ပါတယ်။ Cream ကြောင့် အနည်းငယ်ချောမွတ်သွားတဲ့အတွက် အရင်ထက်စာရင် နည်းနည်း သက်သာသလိုတော့ရှိပါတယ်။ သို့သော် ..ညနေစောင်းလောက်ဆိုတာနဲ့ စပ်ဖျဉ်းစပ်ဖျဉ်းနဲ့ ပြန်ဖြစ်လာပြန်တာ။
ဆိုင်ကိုနောက်တစ်ခေါက်ပြန်သွားပြီး အဆင်ပြေအောင်လုပ်ပေးလို့ရမလားဆိုတော့ တစ်ချက်နှစ်ချက်ကြည့်ပြီး နည်းနည်းပဲချောင်ပေးလို့ရမယ်။ အများကြီးချောင်သွားအောင်လုပ်ရင် မျက်မှန်ပါလျှောကျလာနိုင်တယ် ဆိုတာနဲ့ စိတ်လျှော့ပြီး ပြန်လာခဲ့ရပါတယ်။
=====
မကျေမနပ်နဲ့ ပွစိပွစိတွေလုပ်နေမိတော့ သူငယ်ချင်းကပြောတယ်။ နားညည်းတယ် အသစ်ဝယ်နိုင်ရင် ထပ်ဝယ်လိုက်၊ မ၀ယ်နိုင်သေးခင်မှာ ဟိုအဟောင်းပဲ ပြန်တပ်နေတဲ့။ အဲ့လိုကျပြန်တော့လဲ ကျမက ခေါင်းမာချင်ပြန်တယ်။ အဟောင်းအဆင်မပြေလွန်းလို့ အသစ်တပ်ချင်လှချည်ရဲ့ဆိုပြီး ၀ယ်ထားပါတယ် ဆိုကာမှ အဟောင်းပြန်တပ်ရမယ်ဆိုရင် ဒီအသစ်ကို ဘယ်လိုလုပ်ပစ်ရပါ့ မလဲ။ ရွေးထားတဲ့မျက်မှန်ဒီဇိုင်းကလဲ ပုံတုံးကြီး ဖြစ်နေတော့ အလကားပေးရင်တောင် လက်ခံချင်မယ့်သူ မမြင်မိဘူး။ ဒီလိုဆို အသုံးမတည့်တော့တဲ့ ပစ္စည်းတစ်ခုလိုတောင် ဖြစ်နေပါပေါ့လား...။
ရိုးရိုးသားသားပြောရရင် မရှိမဲ့ရှိမဲ့လေးထဲကဖဲ့ပြီး ၀ယ်ထားတာမလို့ နှမြောနေမိပါတယ်။ ပစ္စည်းကောင်း မက်မောတတ်တဲ့စိတ်ကြောင့်လဲ ပိုလို့တောင်နှမြောနေမိပြန်တယ်။ စိတ်ထဲမှာလဲ တအုံ့နွေးနွေးနဲ့ပါ။ ဒါနဲ့ မိတ်ဆွေတွေကိုပါ ရင်ဖွင့်ချင်မိတဲ့စိတ်နဲ့ ဒီစာကိုရေးဖြစ်လိုက်ပါတယ်။ လောလောဆယ်မှာတော့ ကိစ္စတစ်ခုခုဆိုရင် မိုးတစ်ဆုံးမြေတစ်ဆုံးစဉ်းစားတတ်တဲ့ အကျင့်ကြီးလဲရှိတာမို့.... တန်ဖိုးဘာမှ မရှိလှတဲ့ ပစ္စည်းလေးတစ်ခုကိုရွေးချယ်ခဲ့မှုအပေါ် မှားသလား၊ မှန်သလားတွေလဲ လိုက်ပြီးမစဉ်းစားချင်တော့ပါဘူး။
ဒီလိုမှလဲ နေသာမှာပါ။
========
6 Responses to “ရွေးချယ်မှုပြဿနာ”
ငါးဆယ်ပေးပါတယ်
အေးလေ နှမြောစရာကြီး အသစ်ကလေးလိုချင်လို့ဝယ်ပါတယ် အဟောင်းကြီးတပ်နေရတာ ဘယ်အဆင်မပြေတုန်း ငါလည်း တူတူပဲ ပစ္စည်းသစ်နဲ့ အကျိုးမပေးတာ ၀ယ်ပြီး မကြာဘူး ပျက်ရင် ညံ့လိုက်တဲ့ ငါလို့ အတွေးတွေက ၀င်ကော သူငယ်ချင်းတွေက ပစ္စည်းလေးကိုကြည့်ပြီး ဘယ်လိုဖြစ်တာလဲ ပျက်သွားတာလား ၀ယ်ထားတာမကြာသေးဘူးကော ဘာညာ ဘာညာ လာလုပ်ရင်တော့ ငါပြန်ပြောတတ်တာက * မေ့ထားတဲ့ ငါ့ဒေါသတွေကို တစ်စစီ လာဆွဲထုတ်မနေနဲ့နော် * လို့း))
နောက်ဆိုရင် သေချာရွေးပေါ့ဟယ် ဒါမျိုးကတော့ ရွေးပြီးမကြိုက်လို့ရှိရင် ပြန်ဝယ်လို့ ပြန်ပြင်လို့ရသေးတယ်မှတ်လား တစ်ချို့သော အရာတွေက ပြန်အမ်း ပြန်ပြင် လွှင့်ပစ်လို့မှမရတာဗျ ဟဟားးး စတာနော် ဆံပင်တွေဖြူနေပြီ ဆိုတဲ့ အစ်မကြီး :P
ညက မအိပ်ပဲ ဒီစာလေး ရေးတယ်ပေါ့...း)
မျက်မှန်ကိစ္စကို ဘယ်လို အကြံရကောင်းမလည်း စဉ်းစားနေတာ... မျက်နှာနဲ့ ကြပ်နေတယ် ဆိုတော့ မဝယ်ခင်က တပ်မကြည့်ဘူးလား လို့တော့ မေးချင်မိတယ်...း)
>> Anonymous .. အစိတ်ပဲ ပေးပါတော့။ အရှင်းရှင်းတွေပဲဟာ နော်။ :)
>> မောင်မျိုး.. သူငယ်ချင်း အဲ့ဒါ အဲ့ဒါ ငါပြောချင်တာက အဲ့ဒါ။ ခုလဲ ညံ့လိုက်တဲ့ ငါလေဆိုတဲ့အတွေးဝင်နေတာ။ မခံချိမခံသာကြီးနဲ့။ :(
>> မကြီး သက်ဝေ..ဟီဟိ :) ညကမအိပ်ပဲရေးမှန်း ဘိုလိုလုပ်ပြီး သိပါလိမ့်... ။
ညီမ အ' ချက်များတော့.. နာနာသာရိုက်သွား ပါဗျာ။ မ၀ယ်ခင်မှာ တပ်ကြည့်တာပေါ့။ အဲ့ဒီတုန်းက အဟုတ်ပဲ။ ပြီးမှ မတော်တော့တာ။ သုံးရက်အတွင်း မျက်နှာကဖောင်းကားတတ်လာသလား ထင်ရတယ်။ :(
အရွေးစောတာကိုး. း)
ဖြစ်မှ ဖြစ်ရလေ..
အစ်မလည်း မျက်စိစမ်းမယ် စဉ်းစားနေတာ.... မျက်မှန်လိုပြီထင်တယ်...
Post a Comment