Saturday, March 24, 2012

ခေါင်းစဉ်မသိတဲ့ ကဗျာ

ဘလော့ဂ်တွေရဲ့ side bar တွေမှာ ကိုယ်နှစ်သက်တဲ့ ကဗျာလေးတွေကို post လုပ်တဲ့ အလေ့အထတစ်ခုကို ဘယ်သူက စတင်ခဲ့သလဲ မသိပေမယ့် ကျမဘလော့ရဲ့ဆိုဒ်ဘားမှာ ကဗျာလေးတွေ တင်နေခဲ့မိတာတော့ နှစ်အတော်ကြာခဲ့ပြီလို့ ဆိုရပါမယ်။ side bar က ကဗျာတွေရဲ့ အပြောင်းအလဲဟာ ဘလော့ပိုင်ရှင်ရဲ့ " စိတ်အရောင် " အပြောင်းအလဲပါပဲ။
ကျမအဖို့တော့ ဆိုဒ်ဘားမှကဗျာတစ်ပုဒ်ဟာ ကျမရဲ့ခံစားမှုကို ကိုယ်စားပြုတယ်လို့ ဆိုချင်ပါတယ်။

======

လွန်ခဲ့တဲ့ သုံးလေးလခန့်ကစပြီး ဘယ်ဆီကနေ ရောက်လာမှန်းမသိတဲ့ အားလပ်တဲ့အချိန်တွေကို ကျမ ပိုင်ဆိုင်လာခဲ့တယ်။ အဲ့ဒီအချိန်ထဲကစပြီး စာလဲ သေသေချာချာ ပြန်ဖတ်ဖြစ်တယ်ဆိုပါတော့။ " စာ " ဆိုပေမယ့် အရင်မြန်မာပြည်မှာ နေစဉ်ကလို မိုးလင်းအိပ်ယာနိုးတာနဲ့ အဆင့်သင့်ပြင်ထားတဲ့ မနက်စာကို စားပြီး ကော်ဖီတစ်ခွက်ဆွဲလို့ တစ်နေ့လုံးအိပ်ယာထဲခွေကာ စာဖတ်နေနိုင်တဲ့ အခွင့်အရေးမျိုးဆိုတာ ဘယ်လိုမှ ပြန်ပြီးဖန်တီးလို့ မရနိုင်တော့တာမို့ စိတ်ထဲဝင်လာတဲ့စာမှန်သမျှ လိုက်ဖတ်မိပါတယ်။ ( အကြောင်းပြ ချက်က သိပ်ပြီး မခိုင်လုံလှဘူးနော် )

အရင်တုန်းက မေ့မေ့လျော့လျော့နေခဲ့မိတဲ့ ဘလော့တွေဆီမှာပါ တစ်ပုဒ်ချင်းဆီ အမြစ်ကနေ လှန် ဖြစ်တော့တာပါပဲ။ ဒီလိုနဲ့.... တချို့ရက်သတ္တပတ်တွေမှာ ကျမဟာ အဲ့ဒီဘလော့ရေးသူတွေရဲ့ စာတွေက လွှမ်းမိုးချုပ်ကိုင်မှုကိုပါ ခံစားလာရတဲ့အထိပါပဲ။ တစ်ဘလော့ချင်းဖတ်ပါတယ်။ တစ်ခုပြီးမှနောက်တစ်ခုကို ပြောင်းဖြစ်တယ်ပေါ့။

အဲ့ဒီမှာ ဟိုး ရှေးခေတ်တုန်းက ဘလော့တွေ အားကောင်းမောင်းသန်ရှိခဲ့ချိန်တုန်းက ဘလော့ဂါတွေ အရှိန်အဟုန်နဲ့ ရေးခဲ့ကြ၊ အပြန်အလှန် Comment တွေပေးခဲ့ကြတာတွေကို ပြန်မြင်ရတာ တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။ Click ကလေးတစ်ချက်ထဲနဲ့ မိမိကိုယ်မိမိ ကိုယ်စားပြုနေရတဲ့ " မျက်နှာစာအုပ် ယဉ်ကျေးမှုခေတ် " ထဲမှာ ကျမလဲ ပျော်ဝင်စီးမျောနေမိသူပါပဲ။ သို့ပေမယ့် ဘလော့ယဉ်ကျေးမှုကိုတော့ တမ်းတမြတ်နိုးဆဲ...။

ပြန်ဖတ်တဲ့ဘလော့တွေထဲမှာ ကျမဘလော့လဲ ပါတာပေါ့။ ဘယ်နေပါ့မလဲ နော်။း) အဲ့ဒီမှာ ကိုယ့်ရဲ့ အင်မတန်မှ နုံချာလှတဲ့အရေးအသားတွေကို ရှက်ဖွယ်လိလိတွေ့ရတော့တာ။ ရေးခဲ့စဉ်အခါတုန်းကတော့ တကယ့်ကိုပဲ ကိုယ်ရေးတဲ့စာကို ကိုယ့်ဘာသာကိုယ် ယုံကြည်ချက်အပြည့်ရှိမှ တင်ခဲ့တာပါ။ ဒီလိုဆိုရင်ဖြင့် အဲ့ဒီအချိန်တုန်းက ယုံကြည်ချက်တွေကလဲ ခုနေခါမှာ ရှက်စရာတွေဖြစ်နေတာပေါ့။ အဲ့လိုတွေးစရာရှိတယ်နော်။ အဲ့လိုလဲ မဟုတ်ပြန်ဘူး။း)
စကားတွေများနေမိပြန်ပြီ။ လိုရင်းကို ရောက်အောင်သွားစရာရှိသေးတယ်။

ကိုယ်ရေးထားတဲ့စာတွေကို ပြန်ဖတ်တဲ့အခါ ကိုယ့်မိတ်ဆွေဘလော့ဂါတွေ၊ ဘလော့လာဖတ်သူတွေရဲ့ တချို့သော Comment တွေဟာ လက်လက်ထအောင်ကို လှနေပါတယ်။ အဲ့ဒီလို Comment တွေမှ အများကြီးပဲ ပြန်တွေ့ရပါတယ်။ ကျမ ကံကောင်းသားပဲ နော်။

အဲ့ဒါတွေထဲကမှ ... ရေတောင်မနောက်ဘဲ ခြေရာဖျောက်သွားတဲ့ အစ်ကိုတော်တစ်ယောက်ရဲ့ ကွန်မန့်လေး တစ်ခုကို ပြန်မျှချင်ပါတယ်။

ဒီနေရာမှာ အပေါ်ဆုံးတစ်ပိုဒ်မှာ ပြောခဲ့တာလေးကို ပြန်ဆက်စပ်လို့ရပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်တုန်းက ကျမရေးခဲ့တဲ့ပိုစ့်တစ်ခုမှာ သူရေးသွားတဲ့ ကဗျာအသွားလေးနဲ့ Comment လေးပေါ့။ သူက ကွန်မန့် အဖြစ်ပေးခဲ့တာမို့ ခေါင်းစဉ်လဲမသိပါဘူး။ အဲ့ဒီကဗျာလေးကို ကျမဘလော့ရဲ့ Side bar မှာ ကာလအခိုက်အတန့်တစ်ခုစာ တင်ထားပါဦးမယ်။ အဲ့ဒီကဗျာတင်ထားသမျှ ကာလတစ်လျှောက်လုံးမှာ မကြေးမုံတစ်ယောက် အဲ့ဒီ ကဗျာဆန်နေတယ် လို့ ယူဆနိုင်ပါတယ်။

" ခေါင်းစဉ်မသိပါ "





















ဟင့်အင်း
လှည့်ကြည့်လို့
ဘယ်သူမှမရှိတဲ့ ဘ၀မှာ
ငါဟာနေသားကျနေခဲ့ပြီ
သစ်ပင်အိုပီပီ
အခက်အပွင့်တွေ
ထပ်ဆင့်မဝေနိုင်တော့
ငါ့သစ်ခက်တွေ
တစ်ဖြောင်းဖြောင်း
ကျိုးကျေနေတာပဲ
ကြာလှပြီလေ။

မှီခိုစရာအရိပ်ကို
ဒီလိုဘ၀မှာ
တမ်းတလို့
အိပ်မက်နေလို့
ဘယ်လိုမှ
ပြန်မလှတော့နောက်
ငါဟာ
ခြောက်သွေ့နေဆဲပေါ့။

( ရွာသားလေး- ၀ိုင်တီယူ )

ကဗျာရေးသူ ( သို့မဟုတ် ) comment ပေးခဲ့သူ အစ်ကိုတော်အား စပါယ်ရှယ် ကျေးဇူးတင်ကြောင်း ဒီနေရာကနေပဲ ပြောလိုက်ပါတယ်။

5 Responses to “ခေါင်းစဉ်မသိတဲ့ ကဗျာ”

မောင်မျိုး said...

ငါထင်တယ် အဲ့တုန်းက သူ ကောင်မလေးနဲ့ အဆင်မပြေတဲ့ အချိန်ရေးထားတဲ့ ကော့မန့်ပဲဖြစ်ရမယ် ဘာလို့ဆို ကဗျာ (ကော့မန့်) က သိပ်ပြီး အထီးကျန်နေသလိုပဲး)))

ခြောက်သွေ့နေရင် ငါတို့မဲဆောက်မှာ သင်္ကြန်လာကျပါလားဝေ ။

ကဗျာလေးတွေဖတ်ဖို့ ရောက်ရောက်လာမှာပါ မ..ရေ။ ဘယ်အချိန်ပဲဖတ်ဖတ် စာဆိုတာ မရိုးသွားပါဘူး။ ခံစားချက်လေးတွေ လှစ်ဟပြတဲ့နေရာလေးဆီ ရောက်လာအုံးမယ်။
ခင်မင်လေးစားလျက်
သဒ္ဓါလှိုင်း

သက်ဝေ said...

((((((ဟာ... မောင်မျိုးကော်မန့်က ရည်ရည်လည်လည် ဒန် တာပဲ...))))))

ညီမပြောသလို ကိုယ်တင်ခဲ့သမျှ ပိုစ့်တွေရော ချစ်သူခင်သူတွေ ရေးပေးခဲ့တဲ့ ကော်မန့်တွေရောကို သိပ်မကြာခင် အချိန်က ပြန်ဖတ်မိတယ်...

အရောင် စုံလင်တဲ့ ခံစားမှု အမျိုးစုံကို ဘယ်လို ဘာသာပြန်ပြရမှန်း ဘယ်လိုရှင်းပြရမှန်း မသိခဲ့ဘူး... သေချာတာတခုကတော့ အရင်အချိန်တွေကို သိပ်လွမ်းသွားတယ် ဆိုတာပါပဲ...

ကဗျာကောင်းလေးအားပေးသွားပါတယ်

mirror said...

စာလာဖတ်သွားတဲ့ အစ်မသဒ္ဓါလှိုင်းနဲ့ လွင်ပြင်လှိုင်းငယ် ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ :)

မောင်မျိုးရေ့... အဲ့ဒါ နင် နောက်တာနော်။ ငါ မနောက်ရဲဘူး အဲ့ဒီဘိုးတော်ကို :P

အစ်မ သက်ဝေ .. မောင်မျိုးကွန်မန့်က တကယ် ဒန်တာ နော်.. :P
ဟုတ်တယ်နော်.. ပြန်ပြီး တသသလွမ်းရအောင်ထိ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အချိန်တွေ ကြုံခဲ့ရတယ်။ :)