ဒီနေ့ ဟမ်းစတားပွဲစား လုပ်ဖြစ်တယ်။ကျောင်းကသူငယ်ချင်းက သူဂရုမစိုက်နိုင်တော့လို့ သူများပေးချင်တယ် ဆိုတဲ့ ဟမ်းစတားလေး နှစ်ကောင်ကို အိမ်က မိတ်ဆွေအကို ဆီ ယူလာပေးတာ။သူတို့နှစ်ဦးပါတဲ့ ခြင်းတောင်းလေး ဆွဲနေရင်းမှာ အသည်းတွေ တကျိကျိနဲ့ ယားနေတာ။ ဟမ်းစတားလေးတွေကို ညီညီတို့အိမ်မှာ တခါမြင်ဖူးတယ်။ဒါပေမယ့် သေချာအနားကို ကပ်မကြည့်ခဲ့ဘူး။ခုလဲကြောက်ပြီး ခြင်းတောင်းကို ကျွတ်ကျွတ် အိတ်နဲ့ အလုံပိတ်ပြီးကိုင်ထားမိတာ။အနားကတယောက်က သေကုန်ပါမယ်။သေကုန်ပါမယ် နဲ့ပြောမှ ဖွင့်ဖို့ သတိရတယ်။သူကတော့ အကောင်တွေ အတော်လေးချစ်သည်။အဲ့ဒီအကောင်လေးတွေမြင်ထဲက လှုပ်လှုပ် ရွရွကို ဖြစ်နေတာ..။
သတ္တ၀ါတွေကို မချစ်တတ်ပါဘူး။အမေ့အိမ်မှာ ခွေးရော၊ကြောင် ရောရှိတယ်။ တခါမှ အစာမကျွေးဖူးဘူး။ အမေ နယ်ဖတ်ပေးပြီးသားကို သူတို့ပန်းကန်ထဲ သွားထည့်ဆိုရင်တောင် မထည့်ပေးဘူး။
နွားတွေလဲရှိတယ်။ ပြောရရင် နွားတွေကို နည်းနည်းချစ်သေးတယ်။ကိုယ်တို့အိမ်မှာ နွားတွေ အများကြီးရှိတယ်။ သူတို့တွေနေတဲ့ တင်းကုပ်က ကိုယ်တို့အိမ်ထက်တောင် မြင့်သေးတယ်။အပြေးကောင်းပြီး လှလဲလှတဲ့နွားကြီးရဲ့ နာမည်က "တိုင်းကျော်" တဲ့။တကယ်လဲ တိုင်းကျော်တယ်။( ကြွားတာ မဟုတ်ရး)) ...) ဧရာဝတီတိုင်း ကို ကျော်ပြီး မန္တလေးထိ ကုန်တင်ကားတွေနဲ့ တင်သွားပြီး နွားလှည်းပြိုင်ပွဲ သွားပြိုင်ကြတာ သူ ပါသွားတယ်။
သေချာတော့ မမှတ်မိတော့ပါ။ အကိုငယ် လိုက်သွားတာပဲ။ ပြန်လာတော့ ငွေဖလားကြီး ၂ လုံးပါလာတယ်။ ခုထိ အဲ့ဒိ ဖလားကြီးတွေ အိမ်မှာ ရှိသေးတယ်။ဒါပေမယ့်တိုင်းကျော်ကြီး အိမ်မှာ ရှိသေးလား၊မရှိတော့ဘူးလား။ ကိုယ်မမှတ်မိတော့ဘူး။ ဒီတခါ ဖုန်းဆက်ရင်တော့ မေးကြည့်ဦးမှ..။
နောက်တကောင် နာမည်က "ဇိမ်း" တဲ့။ ဘယ်လိုခံစားချက်နဲ့ အဲ့နာမည်ကို မှည့်ခဲ့သလဲ မပြောတတ်ပါ။ အရောင်က ဖြူဖြူလေး။ တို ငုတ်ငုတ်လေးတွေပေမယ့် သူ့ ချို လေးတွေက လှတယ်။အဆစ်အပေါက် အတော်လှတယ်။မြင်လိုက်တာနဲ့ လင်းနေတာ။တိုင်းကျော်က အနီ။ဇိမ်း က အဖြူ.. ။ သူတို့ နှစ်ယောက်ကို ပြိုင်လှည်းလေးနဲ့ တွဲပြီးမြင်ရတာ ကိုယ်တို့ တနယ်လုံးမှာ အလှဆုံး...။ဒါပေမယ့် အဲ့ဒီကောင် ဇိမ်း ပေါ့။ ကိုယ့်ကို ခွေ့တာ..။ လည်ပင်းနားကို ခွေ့တာ.. လဲကျသွားတာ ပုံလျက်သားပဲ။ သူ ထပ်လိုက်လာပြီး နင်းပါ နင်းလိုက်မှာ စိုးတာနဲ့ ဒရောသောပါး လူးလဲထရတယ်။သူ့ကို ကိုယ် မစ ပါဘူး။အိမ်နောက်ဖေးဘက်က သရက်ပင်တွေထဲက တပင်မှာ ကြိုးချည်ပေးနေတာကို ဘာမပြော၊ညာမပြောနဲ့ ၀င်ဆောင့်တာ.. ။ကြည့်မရဘူး ထင်ပါတယ်။ အဲ့ဒီထဲက သူ့နားကို ကိုယ်လုံးဝ မကပ်တော့ဘူး။
နောက်.... နွားမကြီးနဲ့ နွားပေါက်ကလေး တွေလဲ ရှိသည်။ နွားမကြီး တခါသားပေါက်တိုင်း ကိုယ်တို့မှာ တခါစောင့်ကြည့်ပြီး ရင်ခုန်ရသည်။
ငယ်ငယ်တုန်းထဲက အမဲသားဆို ကိုယ်က လုံးဝ မစားဘူးတဲ့။ကလေးမို့ သံချချင်လို့ အမေက ထောပတ်နဲ့ အမဲသား နယ်ကျွေးရင် ထွေးထုတ်ပစ်သတဲ့။ဘာကြောင့်မှန်း မသိရ...။
နဲနဲခံစားတတ်တဲ့ အရွယ်ရောက်လာတော့ ကိုယ့်ဘာသာကိုယ် မှတ်မိနေသည်။ "သားသတ်ကုန်းသို့.... မရုန်းဘဲ ညင်သာ....နှလုံးမရွှင်ပါသော်လည်း.... အားခဲလို့ တင်းကာလိုက်တာ...အိုကြီး အိုမ... အို..သနားစရာ့ နွားအလှညိုပြာ.. အနောက်က နေလုံး ပျောက်တော့မည့်ဆည်းဆာ..."....အဲ့ဒီသီချင်းကို ဟင်္သာတ ထွန်းရင်က ငိုသံပါလေးနဲ့ဆိုထားတာ..။အတော်လေးနှစ်သက်မိပြီး ဆိုညည်းဖြစ်တိုင်း မျက်ရည်တွေ တွေတွေကျနေတဲ့ နွားအိုကြီးတွေကို မျက်လုံးထဲမြင်လာသည်။"နုနယ်ငယ်စဉ်တုန်းက ထွန်တုံးနဲ့ မိတ်ရင်းဆွေမွန် ပါ..။ ရွှံ့ဆိုသည်မှာ ကမ်ဗလာ၊နွံဆိုသည်ကား သူ့မွေ့ယာ.." .....
အို သနားစရာကောင်းလိုက်သည့် ဖြစ်ခြင်း...။သူ့မှာ သားသတ်ကုန်းကို မသွားလိုပါဘူးဟ ငြင်းလိုစိတ်၊ ရုန်းကန်လိုစိတ် မရှိတော့တာလား။ဒါမှမဟုတ် ငြင်းလို၊ရုန်းကန်ဖို့ကို အားမသန်လို့မာန်လျှော့ လိုက်လေသလား။ လိုက်ချင်လို့မဟုတ်ပေမယ့် အဲ့ဒီလမ်းမှာ သူ မရုန်းမိတော့ဘူးပေါ့..။
ပြီးတဲ့စနေ၊တနင်္ဂနွေတုန်းက ဖြတ်သွားဖြတ်လာနဲ့ လမ်းမပေါ်မှာ နွားပျိုလေးတွေမြင်တော့ cow ကို မြန်မာလို ဘယ်လိုပြောလို့ မြန်မာစကားမတတ်တဲ့သူ တယောက်ရဲ့ အမေးကို "နွား " လို့ပြောတော့.... ၀ဆွဲ သံပြောဖို့ ခက်တဲ့ သူတို့တွေက သဘောတကျ ရီမောကြသည်။နွားပျိုလေးတွေဆိုတော့ အသွေးအယောင်ကိုက လက်လက်ထနေသည်။ကွင်းပြင်ကျယ်ကြီးထဲမှာ ဇက်ကြောကြီးတွေစင်းပြီး မြက်နုလေးတွေ ငုံ့စားနေပုံက တကယ့် wild and free ပါပဲ..။
ဘာရယ် မဟုတ်ပါဘူး။ ဟမ်းစတားလေးတွေ ကို ကိုယ်ကြောက်တဲ့အကြောင်းစဉ်းစားရင်းကနေ အိမ်က နွားတွေ အကြောင်းထိ ရောက်ကုန်တာလေး ချလေးရမိတာပါ။ အပျင်းပြေ အပျော်ဖတ်ပေါ့...။
-----
မှတ်ချက်။ ။ နွားကြည့်ချင်သူတွေ ခုထဲက နာမည်စာရင်းပေးထားကြပါ..။ မယ်ရာပြန်တာနဲ့ အလည်ခေါ်ပါမယ်။

8 Responses to “အပျင်းပြေ အပျော်ဖတ် ပိုစ့်”
စားရိတ်ခံမယ် ဆိုလို့ကတော့ လိုက်ပြီးသားဗျ
ခလောက်ကလေးရယ်တဲ့
ဒိုးဒိုးဒေါင် ။
ပျို့တို့မောင် ယာ မလုပ်တယ်
ဝါး ခုတ်တဲ့တောင် ။
ဆက်မမှတ်မိဘူး ဖြစ်နေတယ် ။ မှတ်မိသူများ ဆက်ရေးပေးကြပါ ။
နွားများ ကြည့်စရာလား ... ရွာမှာ ကျောင်းရလွန်းလို့ စိတ်ညစ်ရတဲ့အထဲ ... :-)
ဇိမ်း... တဲ့..
နာမည်က..မိုက်တယ်ကွာ..
ငါ့ညီမလေး ဆီ..လာမပွားရတာ ကြာလို့.. ။း)
ငါတို့အိမ်မှာလည်း နွားတွေ ရှိသား ဒီစာဖတ်ပြီး သတိတောင်ရသွားတယ် ။ ဒါပေမယ့် ငါက အမဲသား အရမ်းကြိုက်တာ နင်ပြောတဲ့ သီချင်းလေးဖတ်မိမှာပဲ ငါ့ကိုယ်က ယားလာသလိုကြီးးး
ခွေးနဲ့ကြောင်ပဲ မွေးဖူးတော့.. သတိရရင်လည်း သူတို့ကိုပဲ သတိရတယ်.. ခုလည်း လွမ်းသွားပြီ..
အစ်မရေ ...
အညာကိုလွမ်းမိပြီ ... ။
နွားကြည့်ဖို့ဆိုရင်တော့ လိုက်တော့ဘူး..။ရွာထဲက ကွမ်းတောင်ကိုင် ကောင်မလေးတွေနဲ့ မိတ်ဆက်ပေးမယ်ဆိုရင် တော့ လိုက်ခဲ့မယ်လေ..။:))
Post a Comment