Thursday, November 27, 2008

မီးစက်ကလေး

ကျနော် ဒီဆိုင်ကိုရောက်တာ 1 နှစ်ကျော်ပြီ။

ကျနော်ဆိုတာက ပါဝါတွေထုတ်ပေးတဲ့သူလေ...။
ပါဝါထုတ်ဖို့ဆိုတာလဲ ဒီအတိုင်းတော့ ဘယ်ရမလဲဗျာ။
အရင်ဆုံးကျနော့ကို သူတို့ဈေးကြီးကြီးပေးဝယ်ရတဲ့ အရည်တွေတိုက်ရမယ်။
ဒါက ပါဝါထုတ်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်ပဲဗျ၊
နောက်တော့ ကျနော့ခါးမှာ ရှိနေတဲ့ ကြိုးလေးတစ်စကို ဆွဲရမယ်။
(စ.....ဆိုတဲ့ခလုတ်လေးကိုလက်က ဖိထားရင်းပေါ့)

မနှစ်က ကျနော်ရောက်စကပေါ့ဗျာ။
မနှစ်က မိုးဦးကျတုန်းက ရောက်တာ၊ရောက်စတုန်းကတော့ ကျနော်ကအသစ်ကလေးဆိုတော့
သူတို့တွေက ယုယုယယနဲ့ကျနော့ကို ကိုင်တွယ်ကြတယ်...။
ကျနော့ကိုစတင်ဖို့ ဆွဲရတဲ့ကြိုးလေးကိုလဲ သူတို့က ညင်ညင်သာသာလေးပဲ ဆွဲကြတယ်...။
ဟောဟို ကောင်တာပေါ်က အဒေါ်ကြီးတွေ၊ဦးလေးကြီးတွေ၊အစ်မကြီးတွေကလဲ
" ဟေ့ သေသေချာချာ ဖြေးဖြေးလုပ်နော်" လုပ်နော်နဲ့ ....။
အမြဲအဲ့လိုလှမ်းပြောကြတယ်....။
ကျနော့နားကို သူတို့ဖယောင်းတိုင်တွေ၊မီးခြစ်တွေနဲ့များကပ်ရင်
အဲ့ဒိကောင်တာပေါ်က လူတွေက လှမ်းပြီးတော့ကို ဆဲသေးတာ၊
သူတို့တွေ ဆဲခံထိတာပေါ့......။

ကျနော်ရောက်စက မိုးတွေရွာနေတာဆိုတော့ ကျနော့ခါးကြိုးကို သူတို့လာလာဆွဲတာ
သိပ်မရှိဘူး၊တစ်ခါတစ်လေမှ လာလာဆွဲလေ့ရှိတယ်.....။
ဒါပေမယ့် ကျနော်ပါဝါတွေထုတ်ပေးရတဲ့ အချိန်ဆိုတာ သိပ်မကြာလိုက်ပါဘူး၊
ခဏလေးနေရင် နားရတယ်...
သူတို့အတွက် လျှပ်စစ်မီးဆိုတဲ့ ပါဝါကြီးက သိပ်ကြာကြာ မစောင့်ရဘူးထင်ပါတယ်။

ကျနော့ခါးကြိုးကိုလာမဆွဲခင်မှာ
သူတို့က ကျနော့ကို အင်မတန်အနံ့နံတဲ့ အရည်တွေတိုက်သေးတာ။
သူတို့က ကျနော့ခါးကကြိုးကိုလာဆွဲပြီဆိုတာနဲ့
ကျနော်က ကျနော့တစ်ကိုယ်လုံးကို တုန်ခါပြီး အရင်ဆုံးအပူတွေထုတ်၊ြ
ပီးတော့မှ အလင်းရောင်လို့သူတို့ပြောတဲ့ ပါဝါတစ်ခုကိုထုတ်ပေးတာ၊
ပြောမယ်ဆို ကျနော်က ပါဝါရှိတယ်ပေါ့ဗျာ၊

အဲ ဒါပေမယ့် စောစောကပြောခဲ့သလိုပေါ့လေ...ရောက်စတုန်းကတော့ မိုးတွင်းမို့ထင်ပါတယ်...
ကျနော့ကို သူတို့သိပ်ပြီး ခါးကြိုးလာလာမဆွဲဘူး၊သိပ်လဲ အရည်တွေမတိုက်ဘူး၊
အဲ့ဒိတုန်းကတော့ မီးစက်ကလေးတို့ ဇိမ်လေးတစ်ခွဲသားနဲ့ နှပ်နေခဲ့တာပေါ့လေ....။
ဒါပေမယ့်.....ဒါပေမယ့်....

မိုးမကုန့်၊တကုန်ကတည်းက ထင်ပါတယ်....ကျနော့မှာ အရည်တွေသောက်ရ၊ပြီးတော့ ခါးကြိုးဆွဲခံရ၊
အပူတွေမှုတ်ထုတ်ရ...နဲ့ ပါဝါတွေထုတ်ပေးနေရတော့တာ......
တဖြည်းဖြည်းနဲ့ ကျနော်လဲ ခြေကုန်းလက်ပမ်းတွေကျနေရတာ။

ကျနော်တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူးဗျ၊ကျနော်လိုမျိုးကောင်တွေမှ အများကြီးပဲ
ဒီလမ်းမကြီးမှာ ကျနော့်လိုမျိုး ဆိုင်ရှေ့တွေမှာ တန်းစီနေတဲ့ကောင်တွေမှ အများကြီးပဲ၊
အံမယ် ဒါကျနော်တို့ ကံကောင်းတာဗျ၊တစ်ချို့ ကျနော်တို့ရပ်ကွက်က မဟုတ်တဲ့ကောင်တွေဆို
လမ်းမတန်းမှာ ကျနော်တို့လို ဟိုငေး၊ဒီငေးတောင် လုပ်ခွင့်ရတာမဟုတ်ဘူးတဲ့ဗျ...။
ဘာတဲ့...သူတို့ပြောပြောနေကြတာ...တော်တော်များများက နောက်ဖေးလမ်းကြားထဲပို့ခံရတာတဲ့....။
နောက်ဖေးလမ်းကြားထဲကနေ ပါဝါတွေ ထုတ်ထုတ်ပေးနေရတာတဲ့...။
သူတို့ကိုလူတွေမြင်မှာစိုးလို့တဲ့....။

ဒါဆို ကျနော်တို့က သူတို့ထက်စာတော်သေးတာပေါ့ဗျာ။ဟုတ်ဘူးလား။
ပါဝါလဲထုတ်ပေးရင်း ဖြတ်သွား၊ဖြတ်လာ ကောင်မလေးတွေကိုလဲ ငေးရင်းမောရင်းနဲ့ဆိုတော့
တော်ရုံဆို မမောတော့ဘူးပေါ့.....။

မနှစ်ကနွေကတစ်နွေလုံးလဲ မောခဲ့ရပြီးပြီ။
ဒီနှစ်နွေတော့ ကျနော့ကိုသူတို့ အရမ်းကာရောပါဝါတွေထုတ်ခိုင်းမှာ
မဟုတ်ဘူးလို့ထင်ထားခဲ့တာ...။ခုတော့ တက်တက်ကိုစင်အောင်လွဲတာပါပဲဗျာ...။

ခု ကျနော်လဲ ကျနေပြီ...။ကျနော့ကိုသူတို့ ညင်ညင်သာသာလဲမကိုင်ကြတော့ပါဘူးဗျာ၊
အချိန်တော်တော်များများမှာ ဆောင့်တွန်းလိုက်၊ဆောင့်ကန်လိုက်၊
ကျနော့ခါးကြိုးကို ဆောင့်ဆွဲလိုက်နဲ့ဟာ....။
ကျနော်လဲ ဖွတ်ဖွတ်ညက်ညက်ကိုကြေနေပြီ....။

နောက်ပြီး သူတို့ဆက်ဆွဲကြဦးမှာ ကျနော်သိတယ်....အဲ့ဒါမိုးမကျမချင်းပဲ...ကျနော်သိနေတယ်...
ကျနော်သူတို့ကိုလဲ အပြစ်မပြောချင်တော့ပါဘူးဗျာ...။
ညတုန်းကဆိုလဲ ကျနော့ကိုလာဆောင့်ဆွဲလိုက်၊ဆောင့်ကန်လိုက်လုပ်ရင်းက
ဘယ်သူ့ကိုဆဲမှန်းမသိဘူး...ဆဲနေလိုက်ကြတာ....ခွီး...ခွီးနဲ့...
ကျနော်လဲ ခဏနားလိုက်ရ၊ပြီး..ပြန်လာဆွဲခံရနဲ့....မရပ်မနား ပါဝါထုတ်နေရတာလဲ မဟုတ်ဘူးဗျ..။
ညတုန်းက သူတို့တွေဘယ်သူ့ကိုမှန်းမသိဆဲကြတယ် ဆိုတာလဲ...အဲ့ဒါကြောင့်ပါမယ်လို့ ကျနော်ထင်တာပဲ...
အဲ့ဒိလျှပ်စစ်မီးဆိုတာကလဲ ခုခဏလေးလာလိုက်၊သူတို့တွေက ကျနော့ကိုလာပြီး အနားပေးလိုက်၊
ပြေးကာလွှားကာနဲ့ သူတို့ပစ္စည်းတွေကိုဖွင့်လိုက်နဲ့ လုပ်လို့မှ မပြီးသေးဘူး...ပြန်ပြတ်သွားပြန်ရော...
အဲ့ဒါနဲ့ ကျနော့ကိုလာပြီး ဆွဲကြပြန်ရော...။
အစ်ကိုကြီးတစ်ယောက်များဆို ကျနော်ဖြင့်သနားတောင်သနားတယ်....
ဘာတဲ့ သူပြောတာရှိပါသေးတယ်....သူ့ညီတွေကိုပြောနေတာ
" ငါ ဟာ ညတုန်းက မနက်ငါးနာရီထိုးလို့ မီးလဲလာရော ၀မ်းသာအားရနဲ့ ထမင်းစားမလို့
ထမင်းတွေ ဟင်းတွေပုံပြီးရုံပဲရှိသေးတယ် ပြန်ပြတ်သွားရော.....
ငါ....ခွီးတဲ့မှပဲ စိတ်တိုလိုက်တာ...."

သူ့ညီကပြန်ပြောသေးတယ်

" အလကားပါဗျာ...
မနေ့ညထဲကပြတ်သွားတာ ခုမနက်ထိမလာသေးဘူးဆိုတာမျိုးဖြစ်မှာစိုးလို့
ခဏလေး လက်ခနဲလုပ်ပြတာပါ....
ဒီတစ်နွေလုံးတော့ ဘယ်ပုံစခန်းသွားကြမယ် မသိ.........." တဲ့...

ဟုတ်ပါတယ်...
သူတို့လဲ ဘယ်ပုံဆက်လုပ်ကြမယ်မသိသလို
ကျနော်လဲ ခါးကြိုးလေးက ခပ်လှုပ်လှုပ်ပါပဲဗျာ.....
ဒီနွေကုန်ရင်တော့ ကျနော်လဲ တစ်စစီဖြစ်တော့မယ် ထင်ပါရဲ့ဗျာ.........။


*မှတ်ချက် ...........မီးစက်နှင့်ပတ်သက်သော အခေါ်အဝေါ်များအား
ကျမနားလည်သလို ရေးထားခြင်းသာဖြစ်ပါသဖြင့် သည်းခံနားလည်ပြီးဖတ်ပေးကြပါရန်.........။

8 Responses to “မီးစက်ကလေး”

သရုပ်ဖော်ထားတာလေးပီပြင်တယ်ညီမလေးရေ.
ကိုငှက်ရဲ့တနေ့စာအလွဲများသီချင်းကိုတောင်ပြန်သတိရ
သွားမိသေးတယ်..
ဒါလည်းအုပ်ချုပ်တဲ့သူတွေအသုံးမကျလို့ဖြစ်ရတာဘဲလို့
ယူဆရင်မှားမလား....

မီးစက်တစ်လုံးရယ့် ခံစားမှုကို လာဖတ်သွားပါတယ်။

Anonymous said...

ဟင့်အင်း ကျနော့ကိုမထိနဲ့ ကျနော့အနားကိုမလာ နဲ့ ကျနော့ကိုမလိုအပ်ကြပါနဲ့လို့ အော်တဲ့ သူဖြစ်ပါစေလို့ ဆုတောင်းနေမိတာ

အရေးအသားကောင်းတယ် ညီမရေ.. စဉ်းစားပုံလေးလည်းကောင်းလိုက်တာ။ အမြဲအားပေးနေမယ်နော်။

Unknown said...

အိုင်ဒီယာကောင်းလေး တွေ နဲ့ ရေးတတ် ပါပေတယ် ဗျာ။

ATN said...

သရုပ်မှန် ၀တ္ထုတိုကောင်းလေး တပုဒ်ပေါ့ကွယ်...

mirror said...

ကိုဆောင်းယွန်းရေ...နဲနဲလေးတော့လွဲနေမယ်..
လွဲလွဲလေးလဲကောင်းပါတယ်..
စိတ်ကျေနပ်အကောင်းဆုံး
နေတတ်ရင်အေးဆေးလေး.......ပေါ့
မနေတတ်တော့ခက်တယ် အစ်ကိုရ
ကိုအောင်ကြီး အမြဲလာလည်ပြီး ဂရုတစိုက်နဲ့
အားပေးသွားတာတွေကို ကျေးဇူးတကယ်တင်တယ်..
ကိုရွာသားလေးရေ..
အဲ့လိုမီးစက်လေးဖြစ်လာဖို့ ခုလောလောဆယ်တော့လမ်းမမြင်သေးပါကြောင်း သတင်းပေးချင်တယ်...ဟဲဟဲ
ညီမကို ချီးမွမ်းသွားတဲ့ အစ်မယောနသံ၊
ကိုအညတြ နဲ့ ကိုယ်ရေးတဲ့စာဘာမှန်းမသိတဲ့ ကျမကို ၀တ္ထုလို့နာမည်တပ်ပေးသွားတဲ့ အစ်ကိုအောင်သာငယ်ကြီး.....
အားလုံးကိုကျေးဇူးတင်ကြောင်းနဲ့
အားလုံးချမ်းမြေ့ကြပါစေ

လေးစားအားကျ ခင်မင်လျက်
Mirror

ကောင်းတယ်ဗျာ အတွေးလေးကော အရေးလေးပါကောင်းတယ်
ဓါတ်ပုံနဲ့ပတ်သတ်ပြီးလဲပါရမီရှိကြောင်း
ချီးမွမ်းရင်းနဲ့.............................