Friday, November 21, 2008

ချစ်ခြင်းဖြင့် ခွဲခွာခြင်း

နင်အဆင်ပြေနေတယ်ဆိုတဲ့အတွေး
နင်ပျော်ရွှင်နေတယ်ဆိုတဲ့ အတွေး
နင်ပူလောင်မွမ်းကြပ်မနေဘူးဆိုတဲ့အတွေး
အနဲဆုံးဟာ
နင်..
မနက်စာ၊ညစာမှန်အောင်စားနေရတယ်ဆိုတဲ့အတွေး
အဲ့ဒိအတွေးတွေခံစားသိရုံနဲ့
ငါနေပျော်တယ်...။

ကျမကသူ့ကိုထားခဲ့တာလား၊
သူက ကျမကိုထားခဲ့တာလား၊
နှုတ်ဆက်ခြင်းဆိုတာက ချစ်ခြင်းတရားနဲ့အတူ လမ်းခွဲရသူတွေအတွက်
မလိုအပ်လှဘူး.....။
သူ့ကြောင့် စိတ်ထွေတယ်....။
ဒါဆို......
နှုတ်မဆက်ဘဲ ထွက်သွားတဲ့အခါ...
ချစ်ခြင်းတရားကို ပွေ့ဖက်ပြီးလွမ်းနေရတာလား။
ကျမ.....အချစ်နဲ့ကင်းကင်း...နာကျည်းချင်ပါတယ်.....။

ခွဲခွာခြင်းဆိုတာမှာ စွန့်လွှတ်ခံရသူနဲ့၊စွန့်လွှတ်လိုက်တဲ့သူ
ဘယ်သူကပိုခံစားရတတ်သလဲ...
ကျမအထင်တော့ စွန့်လွှတ်လိုက်ရတဲ့သူက ပိုမလားပဲ။
စွန့်လွှတ်ခံလိုက်ရတဲ့သူမှာ နာကျည်းခြင်းနဲ့ ဖြေသာတယ်...။
စွန့်လွှတ်လိုက်ရသူကတော့ အမုန်းရယ်...အရှုံးရယ်...ဟန်လုပ်အပြုံးရယ်နဲ့...
ကိုယ်ဘာကောင်လဲသေချာမသိတော့၊
ကိုယ်ဘာကောင်လဲ သေချာမသိချင်တော့တဲ့ဘ၀....။

မှန်@4D

6 Responses to “ချစ်ခြင်းဖြင့် ခွဲခွာခြင်း”

ဒီကဗျာလေး ကောင်းတယ်။ ကဗျာထဲက
သဘောထားမတူတဲ့ သူတွေ ဒီထက်
အဆင်ပြေတဲ့ အခြေအနေ ရောက်ပါစေ
လို့ ဆုတောင်းပါတယ်ကွာ။

စွန့်လွှတ်သူနဲ့စွန့်လွှတ်ခံရတဲ့သူရဲ့စိတ်ပိုင်းဆိုင်ရာခံစား
ချက်ကိုနှိုင်းယှဉ်ဖွဲ့ထားတာလေးကောင်းပါတယ်ညီမရေ..

Anonymous said...

ဒါကဗျာတစ်ပုဒ်ပဲ..။ အောက်ဆုံးအပိုဒ်ကို ကျစ်ကျစ်လစ်လစ်ကလေး ပြန်လုပ်လိုက်ရင် အရမ်းလှတဲ့ ကဗျာတစ်ပုဒ်ဖြစ်လာမယ်ထင်တယ်။ အားပေးနေတယ်။

ငြိမ်းချမ်းအောင်

mirror said...

ဟုတ်ကဲ့ ကိုငြိမ်းချမ်းအောင်ရေ
ခုလိုဝေဖန်ပေးတာကျေးဇူးပါ
ညီမက အဲ့ဒိအကျင့်ကိုဘယ်လိုဖျောက်ရမယ်မသိသေးဘူး
လောနေတတ်တာလေ....
နောက်ပြီး ရေးပြီးရင်လဲပြန်မပြင်တတ်သေးဘူး

ဟုတ်တယ်
ဒီကဗျာက အောက်ဆုံးအပိုဒ်က ပေါ့ပျက်ပျက်နဲ့...

Nyein Chan Aung said...

ကဗျာတစ်ပုဒ်ရေးရာမှာ နောက်ဆုံးအပိုင်းဖြစ်တဲ့ အက်ဒစ်တင်း (editing) အပိုင်းက အရေးကြီးမယ်ထင်တယ်။ အဲဒီအပိုင်းမှာ တစ်ပုဒ်လုံးကိုပြန်ခြုံကြည့်တာ။ (organize) လုပ်တာ။ ပိုနေတယ်ထင်တာတွေဖြုတ်.. လိုနေတယ်ထင်တာတွေ ထပ်ဖြည့်.. စကားလုံးတွေမကြိုက်သေးရင် တခြားစကားလုံးတွေနဲ့အစားထိုး ဆိုတာမျိုးတွေ လုပ်ရမယ်ထင်တယ်.. ညီမကို ဆရာလုပ်တာမဟုတ်ဘူးနော်..။ အစ်ကိုလည်း ကဗျာဆရာမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ကဗျာတွေစမ်းရေးဖြစ်ခဲ့ပေမဲ့ အခြေအနေကြောင့် တမင်မရေးပဲနေခဲ့တာ တော်တော်ကြာတယ်.. ပြီးခဲ့တဲ့နှစ်ကမှ ပြန်ရေးခဲ့တာလေ..

အစ်ကို သတိထားမိတာက ညီမမှာ ကောင်းမွန်ဆန်းသစ်တဲ့ အတွေးအခေါ်တွေရှိနေတယ်..။ ပြင်းပြတဲ့လေ့လာလိုစိတ်ရှိနေတယ်။ စာပေးသမားတွေရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့ ရပ်တည်ချက်ကောင်းတယ်။ စေတနာမှန်တယ်.. ရိုးသားတယ်။ အဲဒီအချက်တွေနဲ့ ပြည့်စုံနေတော့.. တကယ်လုပ်ချင်စိတ်သာရှိရင် ကောင်းမွန်တဲ့ လက်ရာတွေ မကြာခင်ထွက်လာမှာအသေအချာပဲ..။

ရွှင်လန်းချမ်းမြေ့ပါစေ..
ခင်မင်စွာဖြင့်...
ငြိမ်းချမ်းအောင်

Unknown said...

ကျွန်တော်နဲ့အဲ့ဒီကဗျာထဲးကအကြောင်းအရာတွေကတိုက် ဆိုင်နေတော့ကဗျာဖတ်ရင်းမျက်ရည်ဝဲးခဲ့ရပါတယ် မမ