တခါဖူးမျှ အမေ့အကြောင်းရယ်လို့ စာတစ်ပုဒ်ပီပီပြင်ပြင် မရေးဖူးပါဘူး။ တခြားသော ကျမရေးတဲ့စာတွေ ဆိုတာကလဲ စာဖွဲ့လောက်စရာမရှိတဲ့ မလောက်လေး၊ မလောက်စားတွေသာဖြစ်နေတာမို့ အမေ့အကြောင်း ရေးဖို့ဆို ဆိုပိုလို့တောင်မှ လက်မရဲခဲ့ပါဘူး။
ဒီနေ့ညတော့ စိတ်ကိုသာလွှတ်ပေးခဲ့ရင် သွက်သွက်ခါရူးနေတဲ့ အရူးတစ်ယောက်လို ဖြစ်သွားနိုင်တဲ့အထိ အမေ့ ကိုသတိရနေမိတယ်။ တဆက်ထဲမှာပဲ တွေးမိတာက အခုကျမအမေ့ကိုသတိရနေသလိုမျိုး အမေ ကျမကို သတိရတဲ့အခါတွေမှာ အိမ်မှာတစ်ယောက်ထဲထိုင်ပြီး အမေငိုနေလေမလား။ ကျမက မျက်ရည်ကျခိုင်တဲ့လူမို့ မျက်ရည်မကျတာပါ။ အမေ့လို အမေအိုတစ်ယောက်ကတော့ သူ့သမီးငယ်ကို သတိရတဲ့အခါ သူ့ရင်ထဲက သတိတရရှိမှုတွေကို ပြောပြစရာလူ ရှိခဲ့ရင်တောင် အဲ့ဒီလူကိုပြောပြရင်းမှာပဲ မျက်ရည်တွေကျချင် ကျနေမှာပေါ့။ အမေက အသက်ကြီးပြီကို။ နောက်ပြီး..သူမရဲ့မျှော်လင့်ချက်က သူ့မသမီးငယ် သူ့အနားပြန်လာရေးတစ်ခုထဲသာ။
ဟုတ်ပါရဲ့လေ.. ကျမတို့သားအမိကိုက အဖြစ်သည်းလွန်းတာရယ်။
== == == == ==
နေ့လည်တုန်းက အိမ်ကိုဖုန်းဆက်တဲ့အခါ တူမလေးက ဖုန်းလာဖြေတယ်။ တယ်လီဖုန်းက ကျမအမေရဲ့ အိမ်ရှေ့က အစ်ကိုငယ်ရဲ့အိမ်မှာပဲရှိတာ။ တူမလေးက အစ်ကိုငယ်တို့မိသားစု အိမ်မှာမရှိကြလို့ အိမ်စောင့်ပေးနေတုန်းအချိန် ဖုန်းဝင်သွားတော့ သူနဲ့ပဲစကားတွေေ ပြောဖြစ်ခဲ့တယ်။ " အမေ အိမ်မှာရှိနေတယ် လှမ်းခေါ်ပေးရမလား" ဆိုပေတဲ့.. မခေါ်ခိုင်းလိုက်နိုင်ခဲ့ဘူး။ အဲ့လိုတွေက ကျမ အတွက်တော့ ဖြစ်နေကျ အဖြစ်အပျက်တွေပါပဲ။ အကြာကြီးနေမှ တခါဖုန်းဆက်တတ်တဲ့ ကျမအကျင့်ကြောင့် ပြောစရာစကားတွေလဲ ရှားပါးကုန်သလို၊ အင်မတန်စကားများတဲ့ကျမ.. မိသားစုနဲ့ စကားပြောဟေ့ ဆိုရင် ဘယ်နားက စပြောရမယ်မှန်း မသိတော့ပါဘူး။ တောင်တောင်အီအီတွေ ဖြစ်လို့သာနေတတ်ပါတယ်။ အမေကလဲ တယ်လီဖုန်းကနေတဆင့် စကားကိုဖွဲ့နွဲ့ကာမပြောတတ်လေတော့ အဲ့ဒီမှာပဲတယ်လီဖုန်းလိုင်းများမှတဆင့် မေတ္တာ ထုံကူးခြင်း ကိစ္စဟာ ရှားပါးလာပါတော့တယ်။
စကားကြုံတုန်း ကျမအမေ တယ်လီဖုန်းထဲမှာ သေချာစကားမပြောတတ်ဘူး ဆိုတာလေး ပြောပြချင်သေးတယ်။
ဟိုတလောက ညနေခင်းလေးရုံးအဆင်းမှာ အိမ်ကိုဖုန်းဆက်တော့ အစ်ကို့အိမ်မှာရော၊ ကျမတို့အိမ်မှာရော ရှိရှိ သမျှ ကလေး၊လူကြီးအကုန် အပြင်သွားကြတာမို့ အမေရယ်၊ အကို့အိမ်မှာ အလုပ်လုပ်နေတဲ့ အဒေါ်ကြီး တစ်ယောက်ရယ်ကလွဲပြီး တခြားဘယ်သူမှ မရှိနေကြတဲ့အချိန်။ အဒေါ်ကြီးက အမေ့ကို "ကျမဖုန်းဆက်တယ်၊ လာနားထောင်ဦး " လို့ လှမ်းအော်ခေါ်တယ်။ ၂ မိနစ်လောက်စောင့်ပြီးတဲ့နောက် အမေရဲ့အသံ " ဟဲလို " ဆိုပြီးထူးသံကို ကြားရပါတယ်။ တခြား တူ၊တူမ ပုစုခရုတွေမရှိနေတုန်းမို့ သားအမိနှစ်ယောက် အေးအေးလူလူနဲ့ စကားတွေ တောင်စဉ်ရေမရ ပြောဖြစ်ကြတယ်။ Conversation တစ်ခုလုံးကို အဓိကဦးဆောင်သူက ကျမပေါ့။ အမေကတော့ နားထောင်ရုံသက်သက်ပါပဲ။ဒါပေမယ့် အဲ့ဒီတစ်ခေါက်တုန်းကတော့ အမေက ပုံမှန် ထက်ပိုပြီး ငြိမ်နေကာ နားပဲထောင်နေပါတယ်။
" အင်း " " ဟင့်အင်း " ဆိုတဲ့ ဧည့်ထောက်လေးတောင် မခံတဲ့အခါ.. အမေ သမီးပြောတာကြားရဲ့လား လို့ မေးလိုက်တိုင်း " အေး အေး ကြားတယ်သမီး" လို့ အသံသဲ့သဲ့လေးနဲ့ ပြန်ဖြေပါတယ်။ ဒါနဲ့ ကျမလဲ ဆက်ပြောတယ်။ တဖက်ကလဲ သိသိသာသာကို အသံတိတ်နေတာမို့ " အမေ.. တခုခုပြန်ပြောဦးလေ၊ ဘာလို့ငြိမ်နေတာလဲ " လို့ စိုးရိမ်ပူပန်ကြီးစွာ ကျမမေးမိတော့ (ကျမဟာ အိမ်ကိုဖုန်းဆက်တိုင်း အမြဲတမ်း လှုပ်လှုပ်ရှားရှားဖြစ်နေတတ်ပါတယ်။ ဖုန်းထဲက သူတို့ရဲ့အဖြေတွေမှာ အမေများ နေမကောင်းဖြစ်နေတဲ့ သတင်းကြားရမလား၊ အမေများ ကျမအသံကြားပြီး ဟီးး ခနဲငိုချလိုက်မလား၊ ငိုချလိုက်ရင် ကျမဘယ်လို စကားလုံးတွေနဲ့ နှစ်သိမ့်ရပါ့မလဲ ... စသဖြင့် အဲ့လိုစိတ်တွေနဲ့မို့ ဘယ်နှစ်ကြိမ်ဆက်ဆက် ဆက်တဲ့အခါတိုင်း အဲ့သလိုမျိုး စိတ်လှုပ်ရှားနေမိတာပါ ) ..
" အင်း အမေက သမီးပြောတာ နားထောင်နေတာ။ သမီးပြောချင်တာပြောလေ " တဲ့။
အဲ့ဒီအချိန်မှာပဲ စောစောက သူ့ကိုဖုန်းခေါ်ပေးတဲ့ အဒေါ်ကြီးက အ၀တ်လှန်းနေရာက အိမ်ပေါ်ပြန်တက်လာရင်း အမေဖုန်းပြောနေတဲ့ပုံစံကိုကြည့်လို့..
" ဟယ်.. မမရယ် ဖုန်းကိုဇောက်ထိုးကြီးပြောနေတာကိုး၊ ပြန်လှည့်လိုက် ပြန်လှည့်လိုက်၊ ဒါကြောင့်မို့ ဟိုဘက်က မေးနေတာ " လို့လဲ ပြောရော.. အမေရယ်လေ.. ရီလိုက်တာ၊ရီလိုက်တာမှ အသံတွေဘာတွေ ပျောက်သွားတဲ့အထိပါပဲ။ အမေ့ရီသံကြားတော့ကျမလဲ လိုက်ရီမိတာပေါ့။ ဒီဘက်မှာက လူသူရှင်းတဲ့ လမ်းမပေါ်မှာ တစ်ယောက်ထဲလျှောက်နေရတာဆိုပေမယ့် အမေ့ရယ်သံမှာ ကျမစိတ်တွေလဲ မထိန်းနိုင်တော့ပါဘူး။ ကျမတို့သားအမိနှစ်ယောက် အဲ့ဒီလို ဟက်ဟက်ပက်ပက် မရီမောမိခင်လေးမှာတွင် ကျမက အမေ့ကို ညည်းညူနေပြနေမိသေးတာလေ။ ရယ်မောခြင်းကို ဘရိတ်အုပ်နိုင်ပြီးတဲ့အခါကျတော့ အမေက တစ်ခုပဲပြောပါတယ်။ " ဟင် ရီလိုက်ရတာဆိုတာ.. သမီးလဲ ရီလိုက်ရတယ်မလား
အေး.. နင်ညည်းတာတွေကို ငါလဲနားမလည်တော့ ဘာမှပြန်မပြောတတ်တာ။ ခု စိတ်ညစ်ပြေသွားပြီးမလား " တဲ့လေ။
== == == == ==
ဒီနေ့နေ့လည်တုန်းကတော့ တူမလေးကို အမေ ဘာလုပ်နေလဲ လို့မေးကြည့်တဲ့အခါ .. မန်ကျည်းသီး ထွတ်နေတယ်။ ငံပြာရည်လဲ ချနေတယ်တဲ့။ အမေ့ဘ၀ရယ်လေ.. အေးချမ်းလိုက်တာ။
ဆောင်းတွင်းဆိုတာနဲ့ အမေလုပ်လေ့ရှိတာတွေက ထင်းပုံဆောက်မယ်။ ခြံစည်းရိုးတစ်လျှောက်မှာ စိုက်ထားတဲ့အပင်တွေရဲ့ အကိုင်းတွေကို ခုတ်သင့်တန်တာတွေ ခုတ်မယ်။ လယ်ထဲမှာရှိတဲ့ အပင်တွေလဲ ခုတ်မယ်။ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်းတွေ အမေက နားမလည်ပေမယ့် အပင်ကို ဘယ်တုန်းကမှ ခုတ်လှဲမပစ်တတ်ဘူး။ အကိုင်းတွေကိုပဲ နှစ်စဉ်ခုတ်ပြီး ထင်းလုပ်ပါတယ်။ ပူပြင်းတဲ့နွေရာသီမှာဆို ထင်းအကြီးကြီးတွေကိုမသုံးပဲ သူ့မျက်လုံးထဲ မြင်မြင်သမျှအတိုအထွာတွေကိုသာ ထင်းမီးဆိုက်ပါတယ်။ ဒီလိုနည်းနဲ့ ထင်းစုမယ်။ အဲ့ဒီထင်းတွေကို တစ်ချောင်းချင်းစီသယ်ပြီး ထင်းပုံထဲမှာ စီစီရီရီထားမယ်။ တစ်မိုးတွင်းစာထက် ဘယ်တော့မှ မပိုစေရ၊ လိုလဲ မလိုစေရဘူး။
နောက်ပြီး မန်းကျည်သီးတွေဝယ်ပြီး မန်ကျည်းသီးအစေ့တွေထွတ်မယ်။ ငံပြာရည်ချတယ်ဆိုတာ ငံပြာရည်လုပ်တာပါ။ တမိုးတွင်းလုံး ရွာထဲမှလယ်သမားတွေ သူတို့လယ်တွေထဲမှာ မြှုံးတွေနဲ့ထောင်လို့ရခဲ့သမျှ ငါးသေးသေးကွေးကွေးလေးတွေကို အမေ့ဆီပဲ လာလာရောင်းကြတယ်။ အဲ့ဒါတွေကို အမေက ၀ယ်ပြီးဆားနဲ့နယ်ကာ စဥ့်အိုးတွေထဲထည့်သိပ်ထားပါတယ်။ မိုးကုန်ပြီးလို့ ဆောင်းတွင်းပီပီပြင်ပြင် ၀င်လာပြီဆိုတာနဲ့ အမေ့ရဲ့ Hand Made ငံပြာရည်လုပ်ငန်း စတင်တော့တာပါပဲ။ လေးတိုင်စင်လေးတစ်ခုကို ကျမ အစ်မငယ်ကို ဆောက်ခိုင်းမယ်။ ဆာလာအိပ်ခွံ ၂ ခုကို သန့်စင်နေအောင်လျှော်ပြီး တိုင်တွေမှာ လိုက်ချည်တဲ့အခါ ဇကာစစ်လိုမျိုးဖြစ်သွားတယ်။ အဲ့ဒီကမှတဆင့် တစ်မိုးတွင်းလုံး ဆားသိပ်ထားခဲ့တဲ့ အရည်လယ်နေတဲ့ငါးတွေကို စစ်ချတာပဲ။ ခေါက်ကယ်ပြန်ကယ်စစ်၊ အကြိမ်ဖန်များစွာ နေပူလှန်းပြီးရင် ငံပြာရည်ဖြစ်ပါပြီ။ ဒီလုပ်ငန်းရဲ့ Process ကလဲ တစ်ဆောင်းတွင်းနီးပါး အချိန်ယူပါတယ်။ ကရိကထလဲ အင်မတန်များပါတယ်။ ဧရာဝတီတိုင်းမို့.. မိုးက ညို့ချင်တဲ့အချိန် ညို့ချင်သလိုညို့တိုင်း အဲ့ဒီငံပြာရည် ဖြစ်လုဖြစ်ခင်အရည်တွေကို သိမ်းဆည်းရတာလဲ အမေ့အလုပ်တစ်ခုပေ့ါ။
ငံပြာရည်ဖြစ်သွားတဲ့အခါ သူ့အဒေါ်တွေ ( ကျမအဘွားအေ ) ကို ၂ အိမ်စာ တစ်အိမ်ကို ၂ ပုံးကျစီ ပေးပြီးရင် လက်ကျန်ဟာ ကျမတို့မိသားစု တစ်မိုးတွင်းစာ ကွက်တိပါပဲ။ အပိုအလိုမရှိစေရပါဘူး။ မန်ကျည်သီးလဲ ဒီလိုပဲပေါ့။ ကျမဘာလို့ ဒီကိစ္စတွေကို ရှည်ရှည်ဝေးဝေးရေးနေမိသလဲ။ ရေးနေရင်းနဲ့ အမေတစ်ယောက် တနေ့တနေ့ သူ့အချိန်တွေကို ဘယ်လိုကုန်ဆုံးစေသလဲဆိုတာ ကိုယ့်ဘာသာကိုယ် သတိတရရှိမိရင်း ရေးမိသွား တာပါ။
== == == == ==
ကျမကို အသေအချာမသိသူတွေရဲ့ အသေအချာသိသလိုဖန်တီး၊ ပြောဆိုနေကြတဲ့ ပတ်ဝန်းကျင်မှာ ကျမဘ၀လဲ တဖြည်းဖြည်းနဲ့ နောက်ကျိလာလိုက်တာ အောက်ခြေမှာ ဘာတွေရှိနေလဲ၊ ဘယ်လိုအနည်တွေ ထိုင်နေသလဲဆိုတာ ကျမကိုယ်တိုင်တောင် မနည်းကို ခြေကလေးလှုပ်လှုပ်ပြီး ငုံ့ကြည့်မှပြန်သိရမယ့် အခြေအနေဖြစ်နေပါပြီ။
အမေ့ဘ၀နဲ့ယှဉ်လိုက်တဲ့အခါ ကျမဘ၀ဟာ အလိုလိုသေးနုပ်သွားပါတယ်။ ကျမတို့မြို့သေးသေးလေးမှာ ကျမကို အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်လိုမျိုး လူတွေကအပေါ်ယံသတ်မှတ်တဲ့အခါမျိုးမှာ ကျမ အင်မတန်ရှက်ပါတယ်။ သူတို့ကို ပြန်ပြီးတော့ ပြုံးရုံသာ ပြုံးပြနိုင်ပြီး ဘာမှစကားမပြန်တတ်ပါဘူး။
ကိုယ့်ဘာသာကိုယ်တစ်ကိုယ်စာလေးသာ ကြိတ်ပြီးတွေးနေမိတာက အမေဖြတ်သန်းလျှောက်လှမ်းခဲ့တဲ့ ခရီးကိုပြန်စဉ်းစားအောက်မေ့နေမိတာပါ။
အမေ့ဘ၀က ရှင်းလင်းအေးမြသလောက် ကျမဘ၀က ရှုပ်ထွေးပူလောင်လှပါတယ်။ ရေတံခွန်ကြီးအမေက ရိုးဖြောင့်သလောက် ချောင်းငယ်လေး ကျမရဲ့ဘ၀က ကွေ့ကောက်၊ နောက်ကျိလှပါတယ်။
10 Responses to “သမီးပြောတဲ့ အမေ့အကြောင်း”
ရေးတတ်လိုက်တာ မကြေးမုံ ။ ကျမ ခုတလော တွေးနေမိတာလဲ အဲလိုပါဘဲ ..ဘာတဲ့ ...(အမေ့ဘ၀က ရှင်းလင်းအေးမြသလောက် ကျမဘ၀က ရှုပ်ထွေးပူလောင်လှပါတယ်။) ဟုတ်တယ် အဲလိုဘဲ ။ ကျန်းမာပါစေ။
ဖတ်လို့ကောင်းလိုက်တာ... တိုတိုလေးပေမယ့်.... ရင်ထဲကို တကယ်ထိတယ်ဗျာ... မကြေးမုံရဲ့ အမေ့ပုံရိပ်တွေ... တရေးရေးကို မြင်ယောင်မိတယ်..
ခင်မင်လျက်
နေ၀သန်
သားအမိ နှစ်ယောက်နဲ့ အတူ ရီလိုက်ရတာ။
အမေ လုပ်တဲ့..ငံပြာရည် စစ်စစ် ..စားချင်လိုက်တာ။
ပကာသန မပါ..သဘာဝ တွေ သာ..မွှေးမွှေးမြမြ..။
ညီမရေးထားတဲ့ မေမေ့အကြောင်းလေးက ရိုးရှင်းပြီး ချစ်စရာကောင်းလှတယ်... အမလည်း မေမေ့အကြောင်းတွေ ပြောချင်ပေမယ့် ခံစားချက်တွေ အရောင် အဆင်း စုံလင်လွန်းလို့ ခုထိတော့ ရေးဖို့ တွန့်ဆုတ်နေမိသေးတယ်... တနေ့နေ့ပေါ့...း)
အမသန္တာလွင်နဲ့ အစ်ကိုနေ၀သန်.. လာလည်ပြီး ပထမဆုံးအကြိမ်နဲ့ ကွန်မန့်လေးတွေချသွားခဲ့တာ
ကျေးဇူးအထူးပါ။ :)
အမကေ.. ဆယ်လမွန်ငါးတွေအကုန်လုံး အိမ်ပြန်ရောက်တဲ့အချိန်ကျရင်တော့ အမေလုပ်တဲ့ ငံပြာရည်ပုံးလေးဆွဲပြီး အမဆီလာပို့နိုင်မယ်ထင်တယ်နော်။
အမသက်ဝေ.. ရေးပါ ရေးပါ။ :) အရောင်အသွေးစုံလင်လှတဲ့ စာတစ်ပုဒ်ဖန်တီးဖို့ ဆိုတာ မလွယ်ကူလှပေမယ့်.. အမရေးမယ့် အမေ့အကြောင်းကိုတော့ ဖတ်ချင်မိပါသေးတယ်။
ညီမမေမေက ဒို့အမေနဲ့ တူလိုက်တာ..
ဖုန်းဆက်ရင် သမီးပြောချင်တာပြောလေ ဆိုတာက
များနေတော့တာပဲ..
ညီမရေ စေတနာနဲ့ တခုပြောပါရစေနော်...
အမေနဲ့ အတူမနေနိုင်သေးတဲ့ အခိုက် အခွင့်အရေး
ရတိုင်းသာ ဖုန်းစကားပြောပေးပါ..
ဒို့အမေကလေ ကျမ်းမာရေးဒေါင်ဒေါင်မြည်ပဲလို့ ပြောကြတာနဲ့
ကိုယ်လဲ သိပ်အရေးမထားမိဘူး။
သူနဲ့စကားမပြောဖြစ်လဲ အတူနေ အမတွေနဲ့ သူ့အကြောင်း မေးရင်း တပတ်တခါ အကျိုးအကြောင်းသိ
ယုံပဲ ဖုန်းဆက်ဖြစ်ခဲ့တယ်..စက်တင်ဘာလမှာ ဒို့အမေ
အသဲကင်ဆာ ဖြစ်ကြောင်းသိလိုက်ရပြီး
ဒီဇင်ဘာမှာ ဆုံးသွားရှာတယ်..
နေမကောင်းတဲ့ အခါမှာသိတော့ စကားက သိပ်မပြော
နိုင်တော့ဘူးပေါ့...
တမျိုးမထင်ပါနဲ့နော်..ကြုံလို့ပြောပြတာပါ။
အမေတွေအကြောင်းဖတ်လိုက်ရတိုင်း ငါမေ့ထားတဲ့ ငါ့ရဲ့ ပျော့ညံ့တဲ့စိတ်တွေက ပြန်ပြန် ဦးမော့လာတယ် အမေက ပြောတတ်တယ် အမေတို့နောက်ထပ် နေရ ၁၀နှစ်ပေါ့ သားရယ်တဲ့ အမေ အဲ့လိုပြောတဲ့နေ့က ငါက စိတ်ဆိုးလိုက်သေးတယ် ။ တကယ်ဆို အမေက သူရှိစဉ်လေး သားသမီးတွေ စုစုရုံးရုံးနဲ့ နေချင်ပုံရတယ် ။ ငါတို့လည်း နေချင်တာပေါ့ အမေများတစ်ခုခုဖြစ်ရင် ဆိုတဲ့ စိတ်နဲ့ အဝေးမှာနေရတဲ့ စိတ်ခံစားချက်ကလည်းဆိုးတယ်ဟာ ။
မိဘတွေက အသက်ကလေးရရင် တစ်နေ၇ာမှာ ငြိမ်ငြိမ်ကလေးနဲ့ လွမ်းနေတတ်ကြတာ တစ်ခါတလေ သူတို့ရဲ့ စိတ်ဆိုးတာလေးတွေက ငါတို့အတွက်တော့ ချစ်စရာကောင်းနေပြန်ကေား)
အမေ ဖုန်းပြောတဲ့ ပုံကတော့ တကယ်ပဲ ရယ်မိတယ်ဟ ရိုးတယ်နော် ငါ့အမေဆိုလည်း အမေ့အသံလေးကြားရင် အမောပြေလို့ စကားပြောချင်ပါတယ် ဆိုပြီ ရွာကို သွားခေါ်ခိုင်းရင် အမေက ဆိုင်ကယ်မစီးရဲတာနဲ့ ဖုန်းပြောရင် စိတ်ရှုပ်တာနဲ့ သူ့မှာ မပြောချင်ဘူးဆိုတာနဲ့ မပြောဖြစ်တာတောင်ကြာပြီ ။
အမေ့အသံလေးထဲက သားငယ် နေကောင်းလားဆိုတဲ့ အသံလေးတောင်ပြန်ကြားယောင်မိတယ်ဝေ့..။
အားတင်းထား သယ်ရင်း ဒို့တွေ တစ်နေ့တော့ တကယ်ကို အိမ်ပြန်မယ်ဟာ ။
ကို/မ anonymous ရေ.. သတိပေးတာ ကျေးဇူးပါနော်။း)
မောင်မျိုးရေ.. သူငယ်ချင်းရေ နင်ပြောချင်တာတွေကို ထပ်တူထပ်မျှနားလည်နိုင်ပါတယ်ဟာ။ ငါတို့တွေလာခဲ့တဲ့ Origin ကလဲ ထပ်တူထပ်မျှနီးပါး တူကြတာပဲလေ။ ဟုတ်တယ်မလား။း)
ညီမလေးရေ..ဖတ်လို့ကောင်းလိုက်တာ...
အိမ်က အမေကို သိပ်သတိရသွားတာပဲ
အငယ်ဆုံးသမီးလေးကို သိပ်ချစ်တဲ့ အစ်မရဲ့ အမေ လည်း အသက် ၇၀ ကျော်ပြီ
ဇေယျာလည်း ဒါဆို အမေ့ကို တစ်နေ့ကို တစ်ခေါက်
လောက်တော့ဖုန်းဆက်မှ ဖြစ်မယ်။ အမေကို ဇေယျာ ပစ်ထားတာ ကြာနေပြီလေ... စကားပြောရင်လည်း အဖေနဲ့ပဲ တော်တော်များများပြောဖြစ်တယ်.. အခုမှ
အမေ့ရဲ့ တန်ဖိုးကို ပိုပြီး သဘောပေါက်လာတော့တယ်.
Post a Comment