Monday, January 02, 2012

ရေနွေးကြမ်းကြိုက်တဲ့ မြို့ကလေး



ဒီနေ့အဖို့ရာ ငါးအိုးမြောက်ရေနွေးကြမ်းအိုးထဲကို လက်ဘက်ခြောက်အချို့ခပ်ထည့်နေရင်းက " အို အိုး .. အကြမ်းအိုးသာပူဆင်းသွားတယ်၊ ဘယ်သူသောက်သွားတယ် မသိလိုက်ဘူး၊ အိုးများ ပေါက်နေသလား" လို့ ခပ်နောက်နောက် ပြောလေ့ရှိတဲ့ မမ ရဲ့ စကားသံတချို့ကို ကြားယောင်ရင်း တစ်ကိုယ်ထဲပြုံးမိပါတယ်။

++++++++++

ကျမရန်ကုန်မှာနေစဉ်ကတည်းက နယ်ပြန်တဲ့အခါတိုင်း မမအတွက် မပါမဖြစ်ပါသွားရတာက လက်ဘက်ခြောက်ပါ။ ရွှေပုဇွန်မှာ တွေ့ရလေ့ရှိတဲ့ ဗူးအပြာရောင်လေးနဲ့ "နှင်းဦး" လက်ဘက်ခြောက်ကို ကျမရဲ့ မမက သိပ်ကြိုက်ပါတယ်။ ညီအစ်မနှစ်ယောက် စကားတပြောပြောနဲ့ သောက်ကြတာ၊ ဓာတ်ဗူးတွေ တစ်လုံးပြီး တစ်လုံးသာကုန်သွားတယ်၊ စကားတွေက ပြောလို့ မဆုံးခဲ့၊ မ၀ခဲ့ဘူး။ ဒီလောက်ညနက်တဲ့အထိ ဘာစကားတွေများ နင်တို့ ညီအစ်မနှစ်ယောက် ပြောကြသလဲလို့ အမေက မေးတဲ့အခါ ဘာစကားတွေတော့ဖြင့် ကျမတို့ပြောကြတယ်အမေရယ်လို့ ရေရေရာရာ ပြန်ပြောပြစရာ မရှိလှပါဘူး။ မမက သူ့ရဲ့ မောင်ငယ်တွေ တစ်ဖြစ်လဲ ကျမရဲ့ အစ်ကိုတွေနဲ့ ယောင်းမတွေအကြောင်း၊ အမေ့စိတ်အခြေအနေအကြောင်း.. အဲ့သလို အကြောင်းတွေကို ဘယ်လိုဖြေရှင်းကြမလဲလို့ ရေနွေးသောက်ရင်း အဖြေရှာခဲ့ကြတယ်။

++++++++++

ကိုယ်တို့ ညီအစ်မနှစ်ယောက် (အကြီးဆုံး နဲ့အငယ်ဆုံး) ရေနွေးကြမ်း ကြိုက်တာကို ကိုယ်တို့အမေက မကြိုက်ဘူး။ ရေနွေးသောက်တာကို မကြိုက်ဘူးဆိုတာထက် ရေနွေးပူပူကို " ဟူး ဟူး " နဲ့ မှုတ်သောက်တာကို မကြိုက်တာပါ။
" ဟဲ့ ရေနွေးပူပူကို အဲ့သလို တဟူးဟူးနဲ့ မှုတ်သောက်နေ.. နင်တို့ ကင်ဆာရလိမ့်မယ်၊ အေး အေး ကိုယ့်ကိုယ်ကို မှ မသနားရင်လဲ မပြောနေတော့ပါဘူး " လို့ အမြဲ မြည်တွန်တောက်တီးလေ့ရှိတဲ့ အမေပါ။
" ငတွတ်ရယ်လေ.. အဲ့လိုသောက်တာ .. ဟိုမှာ လည်ချောင်း ကင်ဆာဖြစ်တော့ မသေခင်ထဲက ငရဲရောက်သလို ဖြစ်ပါရောလား၊ " စသဖြင့် အမေက ပြောလို့မဆုံးတော့တာ။

ကျမတို့ရွာထဲက ဦးလေးငတွတ်ဆိုသူက လည်ချောင်းကင်ဆာရောဂါနဲ့ ဆုံးသွားတာပါ။ အဲ့ဒါကို အမေက သူ့ငယ်သူငယ်ချင်း ငတွတ်က ရေနွေးပူပူတွေကို နွေးတဲ့အထိ မစောင့်ဘဲ သောက်ပစ်လို့ အပူတွေများပြီး လည်ချေင်းကင်ဆာဖြစ်တာလို့ ယူဆထားပါတယ်။ သူ့အယူအဆဟာ မှန်လား၊ မှန်သလား ကျမ ခွဲခြမ်းစိတ်ဖြာပြ မနေတော့ပါဘူး။ အမေ့အမျိုးသား၊ ကျမဖခင်လဲ ရေနွေးမသောက်ပေမယ့် လည်ချောင်း ကင်ဆာနဲ့ပဲ ဆုံးသွားတယ် ဆိုတာ အမေမသိတာလဲ မဟုတ်။ သို့ပေမယ့် အမေကလဲ ဟန့်တားမြဲ၊ ကျမတို့ ညီအစ်မနှစ်ယောက်ကလဲ သောက်မြဲသောက်ဆဲပါပဲ။

++++++++

ပြီးခဲ့တဲ့နှစ်ပြန်တုန်းကလဲ အမအတွက် လက်ဘက်ခြောက်တွေ တနင့်တပိုး ၀ယ်သွားပေးဖြစ်ပါတယ်။ တကယ်တမ်းက သူ့အတွက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ကျမနေခဲ့တဲ့ရက်တွေအတွင်းမှာ ကျမပြန်သောက်ခဲ့တာနဲ့တင် မမမှာ အတော်လေး ရိက္ခာချို့တဲ့သွားရှာပါတယ်။ မမ ရေနွေးကြမ်း ကြိုက်ပုံက ကျမထက် ပိုပါတယ်။ မိုးတွင်းအခါမှာ မိုးရေကို တယုတယနဲ့ခံ၊ ပြီးရင် စဥ့်အိုးကြီးငယ် အသွယ်သွယ်နဲ့ ထည့်သိမ်းထား။ မိုးရေမရနိုင်တော့တဲ့ ဆောင်းအခါ၊ နွေအခါမှ အဲ့ဒီသိမ်းထားတဲ့ မိုးရေကို ပြန်ကြိုသောက်... စသည်ဖြင့် ရေနွေးကြမ်းတစ်ခွက်ရဖို့ကို အင်မတန်မှ အားထုတ်သူပါ။

ရေနွေးဆိုတာ စက်တွင်း (အ၀ီစိတွင်း) ရေကိုကျိုပါက လက်ဘက်ခြောက်ခပ်ပြီး အချိန်တိုအတွင်း မှာ ရေနွေးကြမ်းရဲ့အရောင်က ၀ါကျင်ကျင်နဲ့ ရှိမနေတော့ဘဲ အပြာရောင်ဖြစ်သွားလေ့ရှိပြီး သောက်လို့လဲ မကောင်း၊ ဆိုလိုသည်မှာ လက်ဘက်ခြောက်ရဲ့ အနံ့နဲ့အရသာ ရသင့်သလောက် မရဘူးလို့ ကျမတို့ အရပ်သူ၊ အရပ်သားတွေ ပြောလေ့ရှိကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သူတို့မှာ နည်းလမ်းရှိပါတယ်။ အဲ့ဒါက မိုးရေကို ကျိုသောက်တာပါ။ " တံစက်မြိတ်က စီးကျတဲ့ရေကမှ ကြည်လင်နေပြီး လက်ဘက်ခြောက် ခပ်သောက်လို့ကောင်းတာ" လို့လဲ တဖွဖွပြောလေ့ရှိကြပါတယ်။ အဲ့ဒီအတွက် လက်ဘက်ရည်ကြမ်း စွဲမက်သူတိုင်း မိုးကုန်ခါနီးပြီးဆိုတာနဲ့ မိုးရေလှောင်ရတာဟာ အလုပ်တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် သူတို့လှောင်ထားတဲ့ မိုးရေဟာ အလွန်ဆုံးလှောင်နိုင်မှ ရာဝင်အိုး ၂အိုးလောက်သာ ရှိတာ မို့ နောက်နှစ် မိုးပြန်မကျခင်ကုန်တာပါပဲ။ ကုန်သွားတဲ့အခါကျရင်တော့ ဒုံရင်းဒုံရင်းအတိုင်းပဲ စက်တွင်းရေကို ကျိုသောက်ရတာပါပဲ။ စက်တွင်းရေကိုကျိုပြီး လက်ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးက ဒီနေ့ညနေလိုကျိုပြီး လက်ဘက်ခြောက်ခပ်ထားလျင် နောက်တစ်နေ့မနက်မှာ ပြာနောက်နောက်အရောင် ဖြစ်နေပါပြီ။ ဒါကြောင့်မို့ စက်တွင်းရေကိုကြိုထားတဲ့ ရေနွေးကြမ်းကို သူတို့မကြိုက်ဘူးဆိုလဲ မကြိုက်စရာပါ။

++++++++

ကျမတို့မြို့မှာ မြို့လည်ခေါင် မီးသတ်တပ်ဖွဲ့ရုံး၊ ကြေးနန်းရုံးနဲ့ အခွန်ရုံးတွေနဲ့ ကပ်ရပ်မှာ ရေနွေးကြမ်းဆိုင် တစ်ဆိုင် ရှိပါတယ်။ ရေနွေးကြမ်း သီးသန့်ရောင်းတဲ့ဆိုင်ပါ။ နောက်ဆုံးတစ်ခေါက်ပြန်တော့ အမ အငယ်ကို " ရေနွေးသောက်ချင်တယ်၊ သွားဝယ်လိုက်ဦးမယ်" ဆိုတော့ အမငယ်က "နေနေ..ဒီအချိန် ရေနွေးဆိုင်မှာ လူတွေများတယ်၊ ငါသွားလိုက်မယ်" ဆိုရင်း သူ့ဆိုင်က ဓာတ်ဗူးလေးဆွဲလို့ ထွက်သွားပါတယ်။ ပြန်ရောက်လာတော့ ရှင်းပြနေသေးတယ်။ မနက်တိုင်း အဲ့ဒီဆိုင်က စားပွဲထိုးကလေးတွေ ရေနွေးကြမ်းယူဦးမလားဆိုပြီး လာမေးနေကျဖြစ်ကာ အမငယ်ကလဲ သူသောက်ချင်ရင် ၀ယ်သောက်နေကျပါတဲ့။ နေ့ခင်းဘက်ရောက်ရင်လဲ တစ်ကြိမ် ဈေးထဲတစ်ပတ်ပတ်ပြီး တစ်ခေါက်လိုက်မေးတတ်ပါသေးသတဲ့။ အဲ့ဒီနေ့ကတော့ သူတို့လိုက်မမေးခင် ကျမက ဈေးထဲကိုရောက်သွားတာဖြစ်ပါတယ်။

အဲ့ဒီ ရေနွေးကြမ်းဆိုင် ပိုင်ရှင်တွေက မိုးရေခံပြီး ရာဝင်အိုးပေါင်းများစွာထဲထည့်သိမ်းကာ သူတို့ဆိုင်ရဲ့ အနောက်ဘက်ခြံထဲမှာ သိပ်ထားကြတာပါ။ မိုးတွင်းဆိုရင်တော့ သိပ်ထားတဲ့ အိုးတွေထဲက သွားခပ်စရာမလိုဘူး။ ရွာနေတဲ့မိုးရေကို ခံပြီးကြိုလိုက်ရုံပါပဲ။ အဲ့ဒီအချိန်မှာတော့ သူတို့ဆိုင်လဲ အရောင်းအားကျတာပေါ့။ ဘာလို့ဆို မြို့သူမြို့သားတွေဟာ ကိုယ့်အိမ်တံစက်မြိတ်ကကျတဲ့ရေကို ကိုယ့်အိမ်မှာ ကိုယ်ကြိုသောက် နေကြတဲ့ရာသီကိုး။ ဒါပေမယ့် ခုလိုဆောင်းရာသီနဲ့ နွေရာသီရောက်ပြီဆိုတာနဲ့ သူတို့ဆိုင်လေးမှာ လူစည်ကားနေပါပြီ။

ကျမ အထက်တန်းကျောင်းသူဘ၀တုန်းက တစ်အိုးကို ပြားငါးဆယ်နဲ့ ၀ယ်သောက်ခဲ့ရတဲ့ ရေနွေးဓာတ်ဗူး တစ်ဗူးက အခုတော့ ငါးဆယ်ကျပ်ဖြစ်နေပါပြီ။ ကြည့်ရတာ မိုးရေတွေ ဈေးမြင့်လာလို့ ထင်ပါရဲ့နော်။ ဒီစာကိုရေးနေရင်းကပဲ "အရှေ့ဝိုင်းကို တစ်အိုးပို့ဟေ့" ဆိုတဲ့ အသံလေးတွေညံစီနေတဲ့ မြို့ကလေးကို ကျမ သတိရ လွမ်းဆွတ်နေမိပါတော့တယ်။


3 Responses to “ရေနွေးကြမ်းကြိုက်တဲ့ မြို့ကလေး”

Anonymous said...

ရေနွေးကြမ်းအက်ဆေးလှလှလေး တစ်ပုဒ်ပေါ့..
ရွာမှာလဲ အဘက အုတ်ကန်နဲ့ မိုးရေတွေလှောင်ထားတာဗျာ.. ရေနွေးအိုးတည်ဖို့အတွက်ပဲ.. လဘက်ခြောက်လည်းကောင်းမှ ကြိုက်သဗျ.. အဲတော့.. မိုးရေနဲ့တည်ထားတဲ့ ရေနွေးကြမ်းက တည်ကောင်းကိုး..

Maung Myo said...

အိမ်လွမ်းနာတွေကတော့ တဆစ်ဆစ်နဲ့ နင့်ပို့စ်လေးဖတ်ပြီး ငါ့ အစ်ကို/အစ်မတွေကို သတိရသွားတယ် ရေးအုံးမယ်ဟား)

mirror said...

@ Anonymous >> အုတ်ကုန်ကြီးနဲ့ဆိုရင်တော့ သွားဝယ်သောက်စရာ မလိုတော့ဘူးပေါ့။ ဒါမယ့် ပိုးလောက်လန်းတော့ သတိထားစစ်နေရမှာနော်။ :P
@မောင်မျိုး >> ရေးလေဟာ... နင်ရေးတဲ့ မိသားစုနဲ့ဆိုင်တဲ့၊ ရပ်ရွာနဲ့ဆိုင်တဲ့ ပိုစ့်လေးတွေက ဖတ်နေရင်း တပြုံးပြုံးနဲ့ သိပ်ကြည်နူးဖို့ကောင်းတာပါ။