Saturday, December 20, 2008

ကျမဆန္ဒများ

လေတဖြူးဖြူးတိုက်နေတဲ့ လမ်းဆုံလမ်းခွမီးပွိုင့်နားက အုတ်ခုံပုလေးတွေပေါ်မှာ ကျမသွားထိုင်ကြည့်ချင်တယ်။ပြီးတော့ဘေးနားကမြက်ပင်ငုတ်စိလေးတွေကို တို့ထိကြည့်ချင်တယ်။


မာကျူရီမီးလုံးတွေနဲ့ လင်းနေတဲ့ ဂုံးတံတားကြီးပေါ်မှာ တစ်ယောက်ထဲ အေးအေးလူလူလမ်းလျှောက်ကြည့်ချင်တယ်။

ကျမထက် သုံးလေးငါးဆမြင့်တဲ့ Billboard ကြီးတွေရဲ့ အောက်မှာမတ်တပ်ရပ်ပြီး တမေ့တမော့ငေးကြည့်ချင်တယ်။

ညဘက်၊လသာသာနဲ့ ကတ္တရာလမ်းမပေါ်မှာ တစ်ယောက်ထဲ အတွေးတွေကို တစ်စချင်းသီပစ်လိုက်ချင်တယ်။

သီချင်းတအေးအေးနဲ့ လက်ဘက်ရည်ဆိုင်မှာ ဆေးလိပ်တစ်လိပ်နဲ့ တစ်ယောက်ထဲထိုင်ပြီး လမ်းမပေါ်ကအမောတွေ၊အပျော်တွေ၊အဇျတ္တတွေကို ငေးကြည့်နေချင်တယ်။ပြီးတော့ အဲ့ဒါတွေကိုကျမစာရေးကြည့်ချင်တယ်။

ကျမ အရက်ဆိုင်ထဲမှာ အရက်သောက်ရင်း စကားတွေဖောင်ဖောင်၊ဖောင်ဖောင်နဲ့ ပြောကြည့်ဖူးချင်တယ်။နောက်ပြီးတော့ မခိုင်တခိုင်၊ယိုင်တိုင်တိုင်ခြေလှမ်းတွေနဲ့ ရပ်ကွက်ထဲကို ပြန်လာကြည့်ချင်တယ်။

ကျမ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေကို တစ်ယောက်ထဲသွားကြည့်ချင်တယ်။စိတ်အေးလက်အေး ဓာတ်ပုံတွေတစ်လှေကြီးရိုက်ပစ်လိုက်ချင်တယ်။

ကျမ မရေရာတဲ့ခြေလှမ်းတွေကို တွန့်ခေါက်သိမ်းလိုက်ပြီး အမေနဲ့အတူပြန်နေချင်တယ်။အမေချက်ကျွေးတဲ့ ငါးဟင်းမျိုးစုံကို စားပစ်လိုက်ချင်တယ်။ည ည အမေ့ဘုရားရှိခိုးသံနဲ့အတူ အိပ်ယာဝင်ချင်တယ်။


7 Responses to “ကျမဆန္ဒများ”

Welcome said...

သယ်ချင်းရေ
နှစ်သစ်ကူးမှာ
ဘဝနဲ့ ဆန္ဒတစ်ထပ်တည်းကျပါစေနော်။
ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ

http://winzaw-mdy.blogspot.com

Anonymous said...

မူးပြီးပြန်ရတာကို ခံစားကြည့်မနေပါနဲ့ဟာ
ဘယ်လိုမှ ခံစားလို့မကောင်းပါဘူး
လမ်းကခေါင်းပေါ်ရောက်သွားလိုက်
ခေါင်းကလမ်းပေါ်ရောက်သွားလိုက်နဲ့..

Anonymous said...

တော်တော်ဆိုးနေပါလားဝေ့.....အဲ့တာကို စာပိုဒ်လေးခွဲတင်လိုက်ရင်တော့ ဒါ ပေါက်ကွဲ ကဗျာတစ်ပုဒ်ပဲ သောက်ဖူးကြည့်ချင်ရင် ကျောင်းဆရာနဲ့သွားသောက်လေဟ ငါနဲ့တော့နောက်မှ တစ်ခွက်နှစ်ဖလားမော့ကြတာပေါ့ဗျား)

Anonymous said...

အတွေးလေးကို သဘောကျတယ်ဗျာ..။

အကိုတော့ မြန်မာပြည်မှာနေစဉ်တုန်းက စိတ်ညစ်
ရင် တံတားဖြူဖက် သွားပြီး လက်ဖက်ရည်ဆိုင်
ထိုင်လေ့ ရှိတယ်။ အဲဒီလို နေရာမျိုးလေးတွေ
ရှာကြည့် ညီမရေ။

ZT said...

ဟီးဟီး။တော်ပါသေးရဲ့။ ရက်ပ်သီချင်းထဲကလို လမ်းမပေါ် အရူးမနဲ့ တွဲကချင်တယ် လို့ မပြောလို့။

NangNyi said...

မဖြစ်နိုင်တာမှ မပါဘဲ.. ဆန္ဒထက်ပိုအောင် လုပ်ကြည့်ပေါ့..
(မြှောက်ပေးလိုက်ပြီ အဟိ)