ထန်းလက်ကုလားထိုင်လေးပေါ်မှာ သေချာကျနစွာ၊ခြေထောက်ကို ဟန်ပါပါချိတ်ကာထိုင်ပြီး လွန်ခဲ့တဲ့တစ်လ လောက်ဆီက အဖြစ်အပျက်များကို သူ ပြန်စဉ်းစားနေမိသည်။
+++++++
သူသည် အရင်ကအိမ်ကို ခင်တွယ်တတ်သူ မဟုတ်သော်လည်း ယခုတော့ အိမ်ကိုခင်တွယ်တတ်နေပြီ ဖြစ်သည်။ အိမ်ဆိုတာထက် သူနေထိုင်ရာ.. ဒီအခန်း ကျဉ်းကျဉ်း၊မှောင်မှောင်လေးကို သဘောကျနေမိပြီ ဖြစ်သည်။
အခန်းက ၁၀ ပေ ပတ်လည် အကျယ်အ၀န်းရှိသည်။ အခန်းနံရံများသည် ထူထည်းလွန်းသည်။ အပြင်မှာ စစ်ဖြစ် နေရင်တောင် အထဲကမကြားနိုင်ဘူးဟု သူညွှန်းချင်ပါသည်။ နံရံများထူထည်းသော်လည် အခန်း၏ဒေါင့်များတွင် အက်ကွဲကြောင်းများရှိပါသည်။တခါတရံ မနက်ခင်းများတွင် အဲ့ဒီအက်ကွဲကြောင်းတွေထဲမှ ကင်းမြီးကောက် မြီးကောင်ပေါက်ကြီးများ ထွက်ချလာတတ်သည်။ထို့အပြင် အိမ်မြှောင်လည်း အလွန်ပေါများသော အခန်းဖြစ် သည်။ ပင့်ကူ၊အိမ်မြှောင်၊ကင်းမြီးကောက်၊တခါတရံ မြွေပေါက်စလေးများ ၀င်ဝင်လာတတ်သေးသည်။ သူတို့လဲ အမှောင်ကို နှစ်သက်ကြပုံ ရပါသည်။ သူသည်လဲ အလင်းကို လုံလောက်စွာ မရနိုင်သေးသရွေ့ မှောင်နေရတာ ကိုသာ နှစ်သက်မြတ်နိုးချင်သူ ဖြစ်သည်။
မြို့ကြီးပြကြီးမှာတုန်းကလို တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်ရန် ကွန်ပြူတာ၊အင်တာနက် ဆက်သွယ်ရေး နဲ့ လျှပ်စစ်မီး.. စသည့် လိုအပ်ချက်များနဲ့ ကင်းကင်းရှင်းရှင်းနေနိုင်ပါသည်။ တစ်ကမ္ဘာလုံးအကြောင်းကိုသိဖို့ရာ.. တကယ့် လက်တွေ့မှာ အဲ့ဒါတွေ သိပ်မလိုအပ်လှပါ။ နယ်ရှင်နယ်ဓာတ်ခဲအကြီး ၂ လုံးနှင့် အသံအောင်သော ရေဒီယို တစ်လုံးရှိပါက တစ်ကမ္ဘာလုံးအကြောင်းသာမက ကိုယ့်နိုင်ငံအကြောင်းကို ကိုယ့်ဘာသာစကားနှင့်ကိုယ် သေချာ ကျနစွာ နားထောင်နိုင်ပါသည်။ ဓာတ်ခဲ ၂ လုံးကို ၁ လလောက်ဖြင့် သုံးစွဲနိုင်ပါသည်။
ယခုထိုင်နေတဲ့ ထန်းလက်ကုလားထိုင်လေးကို ကန်ပြားရွာမှ ၀ယ်လာခဲ့သည်။ပူပြင်းသော အညာနွေကို အံတုရန် အလွန်အဆင်ပြေသည်။ခုံးခုံးခုခု ထန်းလက်လေးတွေက တစ်ပတ်လုံးညောင်းညာ ကိုက်ခဲမှုကို အသင့်အတင့် ပြေလျော့စေပါသည်။
လက်ထဲမှ စီးကရက်ကို အားပါးတရ ဖွာရှိုက်လိုက်မိပါသည်။ အနည်းငယ်ခါးသက်သက်ဖြစ် နေသည်။ သူသောက် နေကျ စီးကရက်အမျိုးအစားနဲ့ မတူပါ။ သူသောက်နေကျစီးကရက်မှာ အရင်ဆုံး ပူသောအရသာကို ပေးပါသည်။ နောက်တော့ အေးမြပါသည်။ နောက်တော့ ခံတွင်းထဲမှာ ချိုချိုခါးခါးအရသာကို ကျန်ခဲ့စေပါသည်။ ဒီမြို့လေးမှာ ထိုစီးကရက်အမျိုးအစား မရနိုင်သည့်အတွက် ယခုလို ဖင်စည်ခံအနီရောင်ရှိသော စီးကရက်နှင့်သာ သူ့ချဉ်ခြင်း အား ပြေပျောက်စေရပါသည်။
စီးကရက်ကောင်းကောင်းမရှိပေမယ့် လက်ဘက်ရည်ကောင်းကောင်းတော့ ရရှိနိုင်ပါသည်။ ထို့ထက်ပိုပြီး သူ့အတွက် ကံကောင်းစေတာက ထိုလက်ဘက်ရည် ကောင်းကောင်းရသော ဆိုင်မှာ သူနေထိုင်ရာအခန်း ကျဉ်းကျဉ်း၊ မှောင်မှောင်လေးရဲ့ အရှေ့တည့်တည့်မှာ ရှိသည်။ လက်ဘက်ရည်ဆိုင် နာမည်မှာ စတူဒီယိုခေတ်ဦး အဆိုတော်အမျိုးသမီးတစ်ဦး၏ နာမည်ဖြစ်သည်။ ဆိုင်ပိုင်ရှင်စုံတွဲမှာ သီချင်းဝါသနာကြီးသူချင်း သံယောဇဉ်ကြိုး ငြိခဲ့ကြသူတွေ ဖြစ်သည်။ တစ်မိသားစုလုံး ထိုစဉ်ကသူကြိုက်ခဲ့ဖူးသော ဘောလုံးအသင်းကိုသာ ရူးသွပ်စွာ အားပေးကြသည်။ ထို့ကြောင့် ဘောလုံးပွဲရှိသောညများတွင် လက်ဘက်ရည်ဆိုင်မှာ ထိုင်ခုံမရ၊စားပွဲမရ ဖြစ်မှာ မပူပင်ရပါ။ အရောင်တူသူချင်း ရန်မဖြစ်ဘဲ ဖေးမကြင်နာမှုထားတတ်ကြသူတွေ ဖြစ်သည်။
အဲ့ဒီမြို့လေးမှာ ထူးခြားသော အရူးသုံးယောက်ရှိသည်။ "အရူးတွေဆိုတာ ဥာဏ်ရည်မြင့်မား လို့ အရူးဖြစ်တာ" လို့ သူပြောတဲ့အခါ သူ့အလုပ်မှ လုပ်ဖော်ကိုင်ဖက်များရော သူ့မိတ်ဆွေတချို့ကပါ သူ့ကိုရယ်မောတာ ခံရဖူးပါသည်။ အဲ့ဒီလူတွေကို ဆက်လက်ရှင်းမပြလိုတော့သည့်အတွက် သူတို့ကွယ်ရာမှာ သူတို့ကို ရယ်မောခဲ့ပါသည်။
++++++
လွန်ခဲ့သော တစ်လခန့်ဆီက.. အဲ့ဒီမြို့ကို သူရောက်တာ ၂ ရက်ရှိပြီဖြစ်သည်။ နေစရာနေရာရှာလို့မရသေး။ စိုးရိမ် ပူပန်မှု အလျင်းမျှမရှိဘဲ နေစရာရှာမရလျင် ရန်ကုန်ပြန်ရုံပဲ ဟုသူတွေးခဲ့ဖူးပါသည်။...။
ယခုတော့ သူ နေစရာလဲရ၊ နားထောင်စရာလဲရှိ၊စားစရာကြွယ်ဝသည့်အပြင် သူနှစ်သက်တဲ့ အခန်းကျဉ်းကျဉ်း၊ မှောင်မှောင်လေးရှိသည့် ဒီမြို့လေးကို ခွဲခွာဖို့အရေးက သူ့ကို အတွေးများစေပြီ ဖြစ်သည်။

4 Responses to “သူ့မှာ အဲ့ဒီမြို့ကလေး ရှိခဲ့ဖူးတယ်”
ကမ္ဘာကြီးအကြောင်းသိဖို့ ရေဒီယိုလေးတစ်လုံးနဲ့ နယ်မြို့ကလေးမှာ အထိုင်ချခဲ့ဖူးတာတော့ အတူတူပဲ ။
တကယ်ကတော့ သိစရာတွေ များလွန်းတဲိ့ကမ္ဘာကြီးကို မေ့ချင်လို့ ခဏထွက်စို့ လုပ်ခဲ့ကြသူများပဲ ဖြစ်တယ် ။
နောက်တော့လည်း ပြန်ဝင်လာခဲ့(နိုးထလာခဲ့)ရတာပဲ ။
ဖေမြင့် ဘာသာပြန်စာအုပ်တွေ ဖတ်ခဲ့တုန်းက ရတဲ့ ခံစားချက်မျိုး အချို့ အပိုဒ်တွေမှာ ရတယ်။
အပိုင်း ၂ မျှော် နေ ပါ သည်။း)
အဲဒီ့မြို့ လေးက ရသတွေ တယ်ပေးတာကိုး
ဒီတစ်ပုဒ်က အေးဆေးငြိမ်သက် .. အေးအေးလူလူ ထန်းပလတ်ခုံလေးမှာ ကျောခင်းထိုင်သွားပါတယ်
နင့်အကို
LB
Post a Comment