Monday, January 04, 2010

မိအေး အော်သည်

အခြေအနေက တဖြည်းဖြည်း ဆိုးလာခဲ့ပြီ။ ခုမှ ခွေးအဖ ခေါ်စရာမရှိ ဆိုသလို။ ဘယ်သူ့ကို တိုင်တည်ရမယ် မှန်းမသိ။ သက်ပြင်းကိုသာ တဟူးဟူးနဲ့ မှုတ်ထုတ်ပစ်နေရသည်။

မကျေနပ်တာတော့ တော်တော်လေးကို မကျေနပ်တာပါ။ သို့ပေမယ့် မကျေနပ်လို့ မကျေနပ်ကြောင်း ပြဖို့တောင် တော်တော်လေး ခက်ခဲနေတယ်။ ပေါ်တင်ကြီး စော်ကားနေတာကို မြင်ပေမယ့် လက်ဆုပ် လက်ကိုင်ပြစရာ ပစ္စည်းက ကိုယ့်လက်ထဲမှာ မဟုတ်။ သူ့ လက်ထဲမှာ။ သူပေးမှကိုယ်က ဟုတ်၊မဟုတ်ဆိုတာ စစ်လို့ရမှာ။

သူတို့ကင်မရာဆီက ပထမဆုံးတချက် ဖလက်ရှ်ပွင့်ထဲက ကျမသတိထားမိသည်။ ခိုးလုပ်ရင်လဲ ပိရိပါစေပေါ့။ ခုတော့ မိသွားလဲ အရေးမကြီးဘူးလို့ပဲ သဘောထားလေသလား မပြောတတ်ပါ။ ဖလက်ရှ်ကိုဖွင့်ပြီးတော့ကို တဖျတ်ဖျတ် ရိုက်နေတာ။ တတိယမြောက် အလင်းပွင့်လာတဲ့ အချိန်မှာတော့ ကျမရဲ့ ဒေါသမီး တညီးညီးနဲ့ မျက်လုံးတွေနဲ့ မျက်စောင်းတွေသာ တဒိုင်းဒိုင်း လှန်းထိုး နေမိတော့သည်။ ဒိထက်လဲ ဘာမှပိုမလုပ်တတ်။ တခုရှိတာက ညဘက်ကြီးဖြစ်နေပြီး ကျမတို့က သူတို့ကို နောက်ခိုင်းအနေအထား ထိုင်နေကြတာဆိုတော့ သိပ်ပြီး မပေးဆပ်ရဘူးလို့ပဲ သဘောပိုက်လိုက်ရပါသည်။

သွားပြောပါပြီတဲ့။ ပြောတယ်ဆိုရင်ပဲ (ပြဿနာရဲ့ဇစ်မြစ်ကို ခဏထား) ဟာ ဟိုမိန်းကလေးတွေ ဘာဖြစ်တာလဲ ဆိုတာမျိုး look down လုပ်တဲ့ မျက်လုံးများနဲ့ လူတွေဝိုင်းကြည့်တာကို အရင်ဆုံးခံရမယ်။ ပြီးမှ ပြဿနာက လာမယ်။အဲ့ဒိအခါကျရင်လဲ ဟာ ဒီကောင် လူရမ်းကား။ ဒါမျိုးတော့ မလုပ်သင့်ဘူးဆိုပြီး တခုခုလေးများဝိုင်းပြီး ကူညီဖြေရှင်းပေးမယ့် လူဆိုတာ ဝေးလာဝေးပါပဲ။ အားလုံးက နေသာသပ လေညာကဆိုတဲ့ လူတွေချည်းပဲ။ ဘာဖြစ်တာလဲ၊ဘာဖြစ်တာလဲဆိုပြီး သူတို့စပ်စုလို့ ၀ပြီဆိုတာနဲ့ လှည့်ထွက်သွားကြတာပါပဲ။

ဆိုတော့... ကိုယ် အစော်ကားခံရလို့ ကိုယ်ကမကျေနပ်လို့ တခုခုပြန်ပြောရင်တောင် မိန်းကလေးတွေအဖို့ အရင်ဆုံး ရင်းနှီးလိုက်ရတာက အရှက်နဲ့ သိက္ခာ။

အမျိုးသားတယောက်က မိန်းကလေးတယောက်ကို ဖုန်းနှင့် ဗီဒီယိုရိုက်သည်။မိန်းကလေးက မြင်လို့၊မကျေနပ်လို့ ခုဖျက်ပေးပါလို့ ပြောတော့ "စကားကိုကောင်းကောင်းပြော" ဆိုပြီး ယောက်ျားခွန်အားနဲ့ လေသံနက်ကြီးနဲ့ ပြန်ပြီး ခြိမ်းချောက်လိုက်သေးသည်။ သူလုပ်တဲ့အလုပ်က ကောင်းတဲ့အလုပ် ဟုတ်မဟုတ် ပြန်လည်စဉ်းစားဖို့ မကောင်းဘူးလား။ အသိဥာဏ်များနုံနဲလေသလား။.....။ လူရှေ့ သူရှေ့မှာ မိန်းကလေးက အစော်ကားခံရတာ ဖြစ်ပေမယ့် အနီးအနား ပတ်ဝန်းကျင်ကလဲ မိန်းကလေးကိုသာ ပိုပြီး ကဲ့ရဲ့ချင်သော မျက်လုံးအရောင်တွေနဲ့ ကြည့်တတ်သည်။ မိအေးအော်တာသာ လူသိပြီး ဂဏန်းညှပ်တာ လူမသိသောအဖြစ်။

ဒီလိုအဖြစ်မျိုးတွေ ကြုံရတာကလဲ ကိုယ်တွေတင်ပဲ မဟုတ်။ အတော်များများ ကြုံနေရသည်။ celebrity တွေမှ မဟုတ်။ သာမာန်အရပ်သူ မိန်းကလေးတွေ.....။ နည်းပညာတိုးတက်မှု တလွဲဆံပင်ကောင်းတွေ အသုံးချပြီး နည်းပညာကို လက်နက်လုပ်ပြီး သတ်နေကြတာလို့ ကျမက ယူဆသည်။

ခပ်ရိုင်းရိုင်းပြောရင်တော့ လက်သရမ်းတဲ့အမှု ဖြစ်သည်။ နည်းပညာတိုးတက်လာမှုနဲ့အတူ ဘေးကကပ်လိုက် လာတဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင်အသုံးချသူ မဟုတ်ပါပဲနဲ့ အဲ့ဒီ ဆိုးကျိုးကို မိန်းကလေးတွေ ခံစားနေရတာ။ သို့ကလို လူတွေရဲ့ သူတို့ လက်ဝယ်ရှိနေတဲ့ ကင်မရာ၊ဖုန်း စတာတွေကို လက်တည့်စမ်းဖို့ မိန်းကလေးတွေဟာ သူတို့ရဲ့ သားကောင်ဖြစ်နေရတယ်။ ဘယ်လောက်များ ခံပြင်းစရာ ကောင်းလိုက်တဲ့ အဖြစ်လဲကွယ်..။

ယနေ့မြန်မာပြည်မှာက လူတော်တော်များများက မိုဘိုင်းဖုန်းကိုယ်စီ ရှိကြတာ အားလုံးအသိ။ တော်သင့်ရုံဝင်ငွေ ရှိတာနဲ့ကို ဖုန်းလေးတလုံးတော့ကိုင်ကြသည်။ ဒါ့အပြင် ခဏခဏလုပ်နေတဲ့ အိုင်တီပြပွဲတွေ၊ ဈေးပွဲတော်တွေနဲ့ ဆိုတော့ ဒီဂျစ်တယ်ကင်မရာလေးတွေကလဲ တော်တော်များများက သုံးဖြစ်ကြသည်။ သူ့အိုးနဲ့သူ့ဆန် တန်နေရင် ပြဿနာမဟုတ်ပါ။ ကိုယ့်လက်ထဲပစ္စည်းသစ်လေးတခု ရောက်လာပြီးတာနဲ့ မျောက်များ အုန်းသီးရဆိုသလို သုံးကြည့်ချင်၊စမ်းသပ်ကြည့်ချင်စိတ်တွေ တဖွားဖွားဖြစ်ပြီးသကာလ လုပ်ချင်ရာတွေကို စဉ်းစားဆင်ခြင်မှု၊ ကိုယ်ချင်းစာမှု၊ကိုယ့်မိသားစုချင်းစာမှု ကင်းမဲ့စွာနဲ့ စိတ်ကူးပေါက်သလို လုပ်နေတာတွေကတော့ တဆိတ် လွန်လွန်းလှပြီ။ သို့ပေမယ့် အထက်မှာ ပြောခဲ့သလိုပဲပေါ့။ အဲ့လိုအသုံးချခံရတဲ့ မိန်းကလေးတွေမှာ ခွေးအဖ ခေါ်စရာမရှိပါဘူး။

မိန်းကလေးတယောက်ရဲ့ လုံခြုံမှုဟာ သူ့ဘေးနားမှာ ယောက်ျားလေးအဖော် တယောက်ပါနေမှ လုံခြုံနိုင်မှာလား။ နှုတ်အားဖြင့်၊ အမူအယာအားဖြင့် ပါးစပ်သရမ်းတဲ့ ကိုယ်တော်တွေက သူတို့ချင်းတော့ အတော်လေးကို သစ္စာစောင့်သိကြသည်။ ဘတ်စ်ကားစီးရင်၊လမ်းလျှောက်ရင်၊ မီးပြတ်တဲ့ညတွေမှာအိမ်ပြန်ရင်၊ လူအများ သွားလာ နေထိုင်တဲ့ Public place တွေမှာ သွားလာ နေထိုင်မိရင်....ဘေးနားမှာ မိန်းကလေးအဖော်တွေ ဘယ်နှစ်ယောက်ပဲ ပါစေကာမူ မလုံခြုံပါ။ (အဲ့ဒီ မိန်းကလေးအတွက် အတန်အသင့် လုံခြုံကောင်း လုံခြုံပါလိမ့်မည်။) အချိန်မရွေး၊နေရာမရွေး ပါးစပ်နဲ့ မတော်မတရားပြောတာ ခံရနိုင်သည်။ ကိုယ်အမူအယာနဲ့ မမြင်မြင်အောင် တခုခုစော်ကားပြတာမျိုး ကြုံရနိုင်သည်။ ဒိထက်ပိုရင်တော့ ဖုန်းနဲ့၊ကင်မရာနဲ့ ဓာတ်ပုံ သို့မဟုတ် ဗွီဒီယိုခိုးရိုက်တာ ခံရနိုင်သည်။။ အဲ့ဒိဟာတွေက ဘယ်ထိရောက်လို့ ဘယ်ထိပေါက်မလဲ မပြောတတ်။ မခန့်မှန်းတတ်ပါ။

လူအများ သွားလာနေထိုင်ရာ ဘဏ်၊ စာတိုက်၊ လက်ဘက်ရည်ဆိုင်လို နေရာတွေမှာပါ လက်တည့် စမ်းချင်လောက်တဲ့အထိ သူတို့ကို ဘယ်လို စိတ်ဓာတ်အင်အားများက စေ့ဆော်နေသလဲဆိုတာ ကျမဖြင့် သိချင်စမ်းလှသည်။

ဟိုးအရင်တုန်းက မိန်းကလေးတွေနောက်က လိုက်ပြီး ခြေလှမ်းမှားအောင် စ၊နောက်တာမျိုး ဒီဘက်ခေတ်မှာတော့ မြင်ရခဲသွားပြီ။ မိန်းကလေးတွေကလဲ အရင်ခေတ်ကလိုမျိုး ခြေတလှမ်း၊ကုဋေတသန်းလို မလျှောက်နိုင်တော့။ လူတွေ၊ကားတွေသိပ်ရှုပ်လာတဲ့ လမ်းတွေပေါ်မှာလဲ ဒါမျိုးလာလုပ်နေရင် အကုန်ပြဿနာတွေ တက်ကုန်မှာပေါ့။ ဒါတောင်မှ အင်းလျားကန်ဘောင်မှာ မနက်ခင်းလမ်းလျှောက်တဲ့ မိန်းကလေးတွေကို နောက်ကနေ ဗယ်ညာ၊ ဗယ်ညာ လိုက်အော်တာတွေ ခုထက်ထိ ရှိနေသေးသည်။ ဒီလိုအော်ပြီး စ နောက်ဖို့အတွက် မနက်ခင်း စောစောစီးစီးမှာ အိပ်ယာကထပြီး အင်းလျားအထိ အရောက်လာတဲ့ ကိုယ်တော်ချောများရဲ့ စိတ်ဓာတ်အင်အားကိုဖြင့် ကျမ မချီးကျူးပဲ မနေနိုင်ပါ။

ခေတ်တွေပြောင်းလဲခဲ့ လာခဲ့သလို မိန်းကလေးတွေကလဲ အရင်လိုမျိုး ပြောသမျှ မကြားချင်ယောင်ဆောင်၊ လုပ်သမျှ ငြိမ်ခံနေကြတာတော့လဲ မဟုတ်ပါ။ တတ်နိုင်သမျှ ကိုယ့်အင်ကိုယ်အားနဲ့တော့ တွန်းလှန်နေကြသည်။ ဘတ်စ်ကားပေါ်မှ ပြဿနာများ လျော့ပါးသွားတာက တကယ့်လက်တွေ့ ဖြစ်သည်။ ရှက်ကြောက်နေလို့ကတော့ ဘာကိုမှပြောင်းလဲနိုင်မည် မဟုတ်ပါ။ ဒါ့ပြင် ရုပ်ဝတ္ထုတွေ တိုးတက်လေ မိန်းမသားတွေတွက် အန္တရာယ်များလေ။

ယောက်ျားတွေမှာ သူတို့ ကိုယ်ပိုင်မဟုတ်ပဲနဲ့ ပိုင်ဆိုင်နေတာ တခုရှိသည်။ အားသာချက်လို့တောင် ပြောလို့ရသည်။ အဲ့ဒါက မိန်းကလေးတွေရဲ့ ကြောက်စိတ်၊ ရှက်စိတ်နဲ့ ဒေါသ..စတာတွေကြောင့် ပြဿနာတခုခု ဆိုတာနဲ့ ခေါင်းအေးအေးနဲ့ မဖြေရှင်းနိုင်သော၊မဖြေရှင်းရဲသော စိတ်ဖြစ်သည်။ မိန်းမတွေရဲ့ အားငယ်စိတ်က သူတို့အတွက် သဘာဝကပေးထားတဲ့ လက်ဆောင်တခုလို ဖြစ်သည်။မိန်းကလေးတွေရဲ့ အားနည်းချက်ကို ကောင်းကောင်းလေး အခွင့်ကောင်းယူပြီး နေရာတကာမှာ အခွင့်အရေးယူနေကြသည်။

ကျမတို့ လူမှုပတ်ဝန်းကျင်မှာ မိန်းမသားဆိုရင် အခွင့်အရေး တန်းတူ မပေးချင်စိတ်၊ ပြောရေးဆိုခွင့် မပြုချင်စိတ်၊ ဖိနှိပ်ထားချင်စိတ်၊ ချုပ်ချယ်ထားချင်စိတ်တွေ ဒီနေ့ဒီချိန်ထိ အရိုးစွဲနေတုန်းဆိုတာ နေ့စဉ်မြင်နေရတဲ့ အဖြစ်ပျက်တွေကပဲ လက်တွေ့ ပြနေသလို...။

မှတ်ချက် ။ ။ ဒီစာကို မိန်းမ၀ါဒီ၊ ယောက်ျားမုန်းတီးရေး ဘာဘာညာညာ အစွဲကြီးပြီး ရေးထားခြင်း မဟုတ်ကြောင်း၊ ၀ါးလုံးခါးလည်ကကိုင်ပြီး သိမ်းရမ်းသလို ရေးထားခြင်း မဟုတ်ကြောင်း စာရေးသူကိုယ်တိုင် ၀န်ခံသည်။ သို့သော် အဲ့လိုသဘော သက်ရောက်သွားခဲ့ရင်လဲ မတတ်နိုင်ပါ။ :)

16 Responses to “မိအေး အော်သည်”

Welcome said...

ကိုယ့်ရဲ့ တစ်ကိုယ်ရေ ပျော်ရွှင်မှု အတွက်နဲ့ တစ်ပါးသူ နစ်နာပြီးအိနြေ္ဒပျက်စေတာတော့ မကောင်းတာ အမှန်ပါ။

ခုခေတ်တော့ ပျော်စေပျက်စေ စတာ နောက်တာ မဟုတ်တော့ဘူး အမေနဲ့နှမ ကဲ့သို့ ကိုယ်ချင်းစာတရား ဆိုတာ ချိုနဲ့လားလို့တောင် မေးယူရလောက်တယ်။

တစ်ပါးသူ နှစ်နာတာကိုမှ ဂုဏ်ယူချင်ကြတဲ့ လူပေါ်လူဇော် မတော်သူတွေ ကြီးစိုးတဲ့ခေတ် ရောက်မှန်းမသိ ရောက်နေပြီ သယ်ချင်းရေ။

NangNyi said...

ဒီ အစ်မကတော့ လုပ်ပြီ

kay said...

ဒါ..ထောက်ပြသင့်တဲ့ ကိစ္စပဲ..မသိကျိုကျွံ မနေသင့်ပေ..။

ကျန်တာမပြောတတ်လို့ ။ မြန်မာ့လူ့အဖွဲအစည်း လို့ပဲပြောတော့မယ်။

ည သန်းကောင် ကျော် တယောက်ထဲ ရထားစီးစီး ကားစီးစီး ခြေလျှင် ပဲ သွားသွား ဘီယာဆိုင်ပဲ ထိုင်ထိုင် ရုပ်ရှင်ရုံပဲ ဖြစ်ဖြစ် ဘယ်လိုနေရာမှာပဲ လမ်းလျှောက်လျှောက် ဘယ်လိုပဲ ၀တ်စား ထားထား ဘယ်တော့မှ စတာ နှောက်ယှက်တာမျိုး၊ ခွင့်မတောင်းပဲ ဓါတ်ပုံရိုက်တာမျိုး မကြုံရဘူး။

ဘယ်ယောက်ျားလေးကမှ ဘယ်မိန်းကလေးကိုမှ အားမနပ လိုက်ပြောနေတာ ရိတာ မရှိဘူး။ အလုပ်ထဲလည်း မရှိဘူး။


မြန်မာ ပြည်မှာ ဘာဖြစ်တယ် မသိဘူး။ ညနေနေစောင်းရင် မကောင်းတော့ဘူး။ ရန်ကုန်က အဆိုးဆုံးပဲ။ ဘုရားပေါ်တက်လည်း တခါမှ မသိတဲ့ လူက လိုက် စကား ပြောလို ပြောနဲ့။ စကော့ဈေးလည်း အဲ့လိုပဲ။
ကျောက်ပွဲစားတန်း တခါ လိုက်သွားပါတယ်။ ကြောက်လို့ နောက် ဘယ်တော့မှ မသွားရဲတော့ဘူး။ ပွဲစား အချင်းချင်း စကား ပြောကြတာ သားပြော မယားပြောတွေနဲ့။ မန်းလေး လေယာဉ်ကွင်းလည်း အဲ့လိုပဲ။ ကားသမားတွေက တောင်ဆွဲ မြောက်ဆွဲ တော်တော် ဒုက္ခရောက်တယ်။

ဆွဲလွဲ နေလို့ အော်ဟစ်အကူညီတောင်းရင် ကြေးမကိုက်လို့ ပြသနာတက်တယ် ထင်ကြတယ်။ အံ့ရော။ ကိုယ်တို့ တိုင်းပြည်မှာ အဲ့ဒါ တကယ် ဖြစ်နေတာ။ ကြာပြီ။

မအယ်

littlebrook said...

မန့်ရခက်လိုက်တာ ပထမက စိတ်ဓါတ်ကွ နောက်အဲ့ဒါကိုထိန်းဖို့ ပညာလည်းမတတ်ဘူး
ကိုယ်ချင်းလည်းမစာတတ်တာပါမယ် ...
နောက်တစ်ခါဆို အော်သာအော်ထည့်လိုက်ဟ
ပြီးတော့ ဆဲသာဆဲ ...

mtj said...

ကျနော်ကတော့ ခွင့်တောင်းပြီးမှ ရိုက်ပါတယ် :P

jr.lwinoo said...

အပေါ်က ဂျူနိုပြောတာကို ထောက်ခံတယ်။
ပြီးပြီးရောစိတ်ဓါတ်တွေနဲ့..
နိုင်ငံရေး၊ စီးပွားရေး မပြေလည်မှုတွေရဲ့ အကျိုးဆက်လို့ပြောလို့ရပေမယ့်.. တကယ်က ဘရွတ်ပြောသလို စိတ်ဓါတ်ပါပဲ။

Andy said...

တီးသာထည့်လိုက်ဗျာ... အားပေးတယ်

“မိန်းမတွေရဲ့ အားငယ်စိတ်က သူတို့အတွက် သဘာဝကပေးထားတဲ့ လက်ဆောင်တခုလို ဖြစ်သည်။ မိန်းကလေးတွေရဲ့ အားနည်းချက်ကို ကောင်းကောင်းလေး အခွင့်ကောင်းယူပြီး နေရာတကာမှာ အခွင့်အရေးယူနေကြသည်” အဲ့လိုအခွင့်ကောင်းမယူနိုင်အောင် အားငယ်မှုကို အရင်တွန်းလှန်ထားသင့်သည်။ အခွင့်အရေးသမားက တော့ အခွင့်အရေးယူတာပါပဲ အဲ့ဒီအခါ အားငယ်သူအပေါ် ပို၍ ယူတတ်တာလဲ ရှိသည်။ တကယ်တော့ ကိုယ့်ကို ဗီဒီယို မရိုက်နိုင်အောင် ထိုပတ်ဝန်းကျင်မှာ ၀တ်စားဆင်ယင်မှု ဟာကွက်မရှိအောင်လဲနေသင့်သည်။ အဲ့ဒီလိုနေရဲ့သားနဲ့မှ မိန်းကလေးမို့ စော်ကားချင်တာ အခွင့်ရေးယူချင်တာဆိုရင်လဲ ရင်ဆိုင်သင့်သည်။ မိအေးကို ဂဏန်းညှပ်တာကို ဂဏန်းညှပ်ကြောင်းသိအောင်ပြော ရန်တွေ့သင့်သည် အားငယ်ရန်မလို ဗီဒီယို ဓါတ်ပုံခိုးရိုက်မှန်းသိလို့ ပြောရာမှ ရန်ဖြစ်ရမည်ဆိုလဲ ဖြစ်သင့်သည်။ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ထားသင့်သည် ဆင်မယဉ်သာ လုပ်နေလို့ မရ ဆိုသလို မိန်းကလေးများကို ခွန်အားသုံး စော်ကားလာသူများကို ရင်ဆိုင်ရန် မိမိခွန်အားကို ပြင်ဆင်ထားလျှင်ပိုကောင်းပါသည်။ တိုက်ခိုက်ရေးပညာ တခုခု ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားလျှင် တော်ရုံ ယောက်ကျား တယောက်ကို အသာလေး လှဲနိုင်သည်။ နောက် မိန်းကလေးများ အားသာချက်က ယောက်ကျားတယောက်နှင့် နင်လားငါလားရန်ဖြစ်လို့ မိန်းကလေး နစ်နာရင် ပတ်ဝန်းကျင်က မနေပါ။ ပတ်ဝန်းကျင်က နေနိုင်သော ပတ်ဝန်းကျင်ဖြစ်ပါကလဲ မိမိကို အားငယ်သူလို့ အထင်သေးနေသော အနှီယောက်ကျားကို လွယ်လင့်တကူ ချက်ကောင်းကို တိုက်ခိုက်နိုင်ပါသည်။ ရန်တွေ့တိုင်းရိုင်းတာမဟုတ်ပါ မဟုတ်တာလုပ်လို့ ရန်တွေ့ပေးမှ မဟုတ်တာလုပ်မှုများ လျှော့သွားမှာဖြစ်သည် အားငယ်နေ၍ မလျှော့ ကျနော့်ညီမများ တူမများ ကိုလဲ ခုလိုပဲသင်ပေးထားသည်။ မှန်ကန်မှု တရားမှုအတွက် ရန်ဖြစ်ရန် ၀န်မလေးပါနှင့်၊ မိအေး ဂဏန်းမညှပ်ဝင့်အောင် အစထဲက မိအေးက ဂဏန်းဆို ၀ါးဖို့စားဖို့ ပြင်ထားသင့်တော့သည် ဟု စေတနာစကားပါးပါတယ်။

PhotoVigor said...

Yes, this is Myanmar, no more Burma.

Moe Cho Thinn said...

စိတ်ဓာတ်တွေ နိမ့်ကျကုန်လိုက်တာနော်..
ကိုယ်လုပ်နေတာတွေကို ရှက်ရကောင်းမှန်း မသိတော့လောက်အောင် ပျက်စီးနေကြပြီပဲ။

သက်ဝေ said...

ဝေးကွာနေတဲ့ ဆယ်စုနှစ်တခုအတွင်း ပြောင်းလဲသွားကြတာတွေ ကြားရတာ စိတ်ထဲ တကယ် မကောင်းဘူး...
ဝါးလုံးရှည်နဲ့ ရမ်းတယ်ပဲပြောပြော ယောင်္ကျား မုန်းတီးရေးပဲပြောပြော ဒါပြောသင့်တဲ့ ကိစ္စတခုပါ...။
သူတို့ရဲ့ စိတ်ဓါတ်တွေ အဲဒီလောက်တောင် ဖြစ်နေကြတာ အရင်းအမြစ်က ဘာကြောင့်များပါလိမ့် ဆိုတာ စဉ်းစားနေမိတယ်..

မောင်မျိုး said...

မိအေး ရေ အော်နေပြီလား ငါက အဲ့ရောက်မှဖြစ်တာလားလို့ ရွှေပြည်ကြီးက အထုတ်တွေက ကျွန်းပေါ်ရောက်တော့ ဖြည်ချကုန်ပြီးး) စိတ်လျှော့ပါ ဒါက ဖြစ်မြဲတရားတွေ ယောက်ျားနဲ့ မိန်းမ ဆိုတာ အက္ခရာတောင်မှတစ်လုံးမှမတူပဲနဲ့တော့ ဘယ်နည်းနဲ့မှ အမြင်တွေ အယူဆတွေလည်းတူမှာမဟုတ်ဘုး ။

နင့်ကို မျက်မှန်လေးနဲ့မို့ချစ်စရာလေးဆိုပြီးရိုက်တာလားမှမသိတာဟး) နင်သာ ရုပ်ရှင်ထဲကလို “ရှင်နော် ဆိုပြီး ” ဖြောင်း” ခနဲကကျွေးလိုက်လို့ကတော့ ကိုးရီးယားကားတွေထဲကလို ဆက်ရန်ရှိသေးသည်ပဲ :P

ကျွန်တော်ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူး။ အရင်ဆုံး သက်ဝေ မေးခွန်းထုတ်ထားတဲ့
အရင်းအမြစ်ဆိုတာ ယဉ်ကျေးမှုကိုယ်ခံအား နည်းလာတဲ့ အနုပညာက စမယ်ထင်ပါတယ်။
တစ်ခါက ကိုစိုင်းရဲ့ ပိုစ့်တစ်ခုမှာ ကျွန်တော် ကွန်မန့်ရေးဖူးသလို ဟာသကို ပုံဖော်ရာမှာအောက်လုံးတွေနဲ့ မြိန်ရေယှက်ရေ
ပြက်နေကြတဲ့ မြန်မာအနုပညာအသိုင်းအဝိုင်း(ရုပ်ရှင်/ပြဇတ်/ဗွီဒီယို/အငြိမ့်/ဝထ္တု) တွေရဲ့ သြဇာမကင်းဘူး
လို့ ယူဆမိတယ်။
ကျွန်တော်က ကိုချစ်ဖေပြောတာ ကိုထောက်ခံချင်ပါတယ်။ ဟိုမိန်းကလေးတွေ ဘာဖြစ်တာလဲ ဆိုတာမျိုး look down
လုပ်တဲ့ မျက်လုံးများနဲ့ လူတွေဝိုင်းကြည့်တာကို အရင်ဆုံးခံရမယ် ဆိုပြီးတွေးတတ်တဲ့ စိတ်ကူးမျိုးကို အရင်ဆုံးတော်လှန်နိုင်ရမယ်။
Mirror တို့လို ပညာတတ်မိန်းကလေးတွေ ရဲ့ အကူအညီအများကြီးလိုပါတယ်။
မိန်းကလေးတစ်ယောက် ဘေးနားမှာ အမျိုးသားအဖော် လိုမလိုဆိုတာ ကတော့ ကျွန်တော်တို့နိုင်ငံ မှာ အချိန်ရယ်
နေရာရယ်နဲ့ ဆိုင်မယ်ထင်ပါတယ်။ ဂျူနို ပြောသလို သူများနိုင်ငံ နဲ့ လက်လွတ်စပယ် နှိုင်းယှဉ်ပြောတာမျိုးကို
လက်မခံချင်ပါဘူး။ ဘယ်လိုမျိုးမဆို တိုင်းပြည်ဘယ်လောက်တိုးတက် တိုးတက် ကိုယ့် Identity မပြောက်အောင်
ထိန်းသိမ်းရမယ့် တာဝန်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက မဖွင့်ဖြိုးသေးတဲ့ နိုင်ငံ လည်းဖြစ်တာကြောင့် ညသန်းခေါင်
မိန်းကလေးတစ်ယောက်ထဲ လျှောက်သွားတာဟာ တခြားအဓိပ္ပာယ်တစ်မျိုးဖြစ်နိုင်ပါတယ်။ရန်ကုန်ရဲ့ညနေခင်းတွေက
သူပြောသလောက် အခြေအနေဆိုးနေပြီလားဆိုတာတော့ သေသေချာချာ စုံစမ်းဖို့လိုပါလိမ့်မယ်။ တစ်ခါက ဆူးလေစေတီ ပေါ်မှာ မိကောင်းဖခင် အမျိုးသမီး တစ်ယောက်ကို လိင်အလုပ်သမားနဲ့ မှားပြီးကမ်းလှမ်း လို့ ဂေါပကရုံးခန်း ကတဆင့်
ဂျာနယ်စာမျက်နှာတွေပေါ် ပါလာဘူးပါတယ်။ အတိအကျ ပြန်မညွှန်းနိုင်တာကတော့ ကျွန်တော့အားနည်းချက်ပါပဲ။
ဆွဲလွဲ နေလို့ အော်ဟစ်အကူညီတောင်းရင် ကြေးမကိုက်လို့ ပြသနာတက်တယ် ထင်ကြတယ်။ ဆိုတာကို သဘော မတူပါဘူး။
ကိုချစ်ဖေ ပြောသလိုပါပဲ ယောက်ကျားတယောက်နှင့် နင်လားငါလားရန်ဖြစ်လို့ မိန်းကလေး နစ်နာရင် ပတ်ဝန်းကျင်က မနေပါ ဘူး။
အင်းလျားကန်ဘောင်မှာလိုက်စတယ်ဆိုတာမျိုးကတော့ အခြားအမြင်နဲ့ ချစ်စရာကောင်းအောင် ကြည့်လို့ရပါတယ်။
ဒါကလည်း ချွင်းချက်တွေအများကြီးရှိနေသေးတယ်။ထားပါတော့။ ဆက်ဆွေးနွေးနေရင် အများကြီး ကျန်နေနိုင်သေးတာမို့
ဒီမှာပဲ ရပ်လိုက်ပါတယ်။
ခင်မင်စွာဖြင့်

Anonymous said...

လောကကြီးမှာဒါမျိုးတွေကဖြစ်တက်ပါတယ်။