မျှော်လင့်ချက်တွေ လေယာဉ်စီးပြီး ပျံသန်းလာခဲ့တယ်
ရေခြား၊ မြေခြား၊ လူမျိုးခြား၊ သူစိမ်းတရံစာများဆီ။
မျှော်လင့်ချက်ထဲမှာ ဝှိုက်ကဒ်လေးလည်းပါ
ဒုန်းခနဲမြည်သွားတဲ့ လဝကဝန်ထမ်းရဲ့ မပျော့ပြောင်းမှုလည်းပါ
ပါးစပ်နဲ့တေ့ပြီးသောက်ရတဲ့ သောက်ရေအိုးစင်လေးတွေလည်းပါ
အသက်တခါရှူတိုင်း ဝင်လာတဲ့လေဟာ ကတုန်ကယင်ဖြစ်ရင်း
ရောက်ခဲ့ပြီ။
ဟောဒီအရပ်ဒေသမှာ အိပ်မက်တွေယက်ဖောက်ကြဖို့
ဟောဒီကျွန်းသေးသေးလေးကို လှသည်ထက်လှအောင်ပြုစုဖို့
ငါတို့လက်ဖဝါးတွေ မာကြောပြရမယ်။
ရက်(စ်) ဆား(စ်)လို့
ဟန်ပါပါ ခွန်းတုန့်ပြန်တတ်စေရမယ်။
ငါ့တိုင်းပြည်ထဲမှာ နေချင်သလို နေခဲ့ရသမျှကို
ငါ့တိုင်းပြည်ထဲမှာပဲ ငါထားခဲ့လိုက်ပြီ။
ဟုတ်တယ်... ငါ့ကိုယ့်ငါပါ ထားခဲ့လိုက်ပြီ။
အခု ဂွတ်မောနင်းလို့ နှုတ်ဆက်နေတာ
ငါ မဟုတ်ဘူး။
မကြေးမုံ
( ၁ဝ၊ ဝ၄၊ ၁၄ )
နှင်းဆီဖြူမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြီးသား ကဗျာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဧပရယ်လကုန်မှာ စင်္ကာပူကျွန်းလေးကုို နှုတ်ဆက်ချိန်တန်ခဲ့ပါတယ်။ မပြန်ခင်လေးမှာ ကုိုယ့်ရုံးကိုရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်ှအလုပ်သမားတွေကို သူဌေးက စကားပြောနေတာမြင်ပြီး ဒီကဗျာရေးဖြစ်ခဲ့ပါတယ်။